အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ တင်ပြခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အမှာစကား

မင်္ဂလာပါ။ ကျနော်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဗဟိုစည်းရုံးရေးကော်မတီဝင်တဦးဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူ့ညီလာခံမှာ ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ အမှာစကားပြောကြားခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။ ဗကသများအဖွဲ့ချုပ်ဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ GSC မှာ ပါဝင်နေတဲ့ အဓိကအဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ ကျနော်တင်ပြမယ့် တင်ပြချက်တွေဟာ GSC ရဲ့ သဘောထားလည်း ဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ကျော်တဲ့အထိကို အရှိန်အဟုန်ကောင်းနေဆဲပါပဲ။ ဒီကနေ့ ရနေတဲ့ တော်လှန်ရေးအရှိန်အဟုန်ဟာ ထောင်သောင်းချီတဲ့ ခေတ်အဆက်ဆက်က ပြည်သူလူထုကြီးရဲ့ အသက်သွေးတွေအပေါ်မှာ အရင်းတည်ထားရတယ်ဆိုတာကိုတော့ ကျနော်တို့ အမြဲတမ်းအမှတ်ရနေကြရမှာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲတလျှောက်မှာ ကျဆုံးခဲ့ကြရတဲ့ အာဇာနည်အပေါင်းကို ဗကသများအဖွဲ့ချုပ်က ဦးညွှတ်အလေးပြုကြောင်း ဒီနေရာမှာ တပါတည်း ပြောကြားလိုပါတယ်။ 

ဒီကနေ့မှာ မိဘပြည်သူတရပ်လုံးဟာ အင်မတန် ဆင်းရဲဒုက္ခရောက်နေကြရပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ လုပ်ခလစာနည်းပါးမှု စတဲ့ စားဝတ်နေရေးအကြပ်အတည်းတွေကို အခြေခံလူထုကြီးဟာ နေ့စဉ်နေ့တိုင်း ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။ မနက်ဖြန်အတွက် စားစရာမရှိတော့လို့ ဒီနေ့မှာ သေကြရအောင်ဆိုတဲ့အဖြစ်အပျက်တွေဟာ ပုံပြင်မဟုတ်တော့ပါဘူး။ စီးပွားရေးအကြပ်အတည်းဟာ တကယ်ကို သေလောက်အောင် ကြီးမားနေပါတယ်။ လူထုရဲ့ အကြပ်အတည်းက ဒါတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ ကိုယ်နေထိုင်ရာ အဆောက်အဦးတွေ၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတယ်။ ဘယ်အချိန်များ စစ်ကြောင်းထိုးလာမလဲ၊ ဘယ်အချိန်များ ဗုံးကြဲလိမ့်မလဲဆိုတဲ့အတွေးတွေနဲ့ စက္ကန့်တိုင်းကို ဖြတ်သန်းနေကြရတယ်။ မြို့ပေါ်မှာဆိုရင်လည်း စစ်အာဏာရှင်တွေရဲ့ မထင်ရင်မထင်သလို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကြောင့် ပြည်သူတရပ်လုံးဟာ ကျီးလန့်စာစား ဖြစ်နေကြရပါတယ်။ ဘယ်လမ်းမှာများ အစစ်ဆေးခံရလိမ့်မလဲ၊ ဘယ်နေ့များ ငါ့အိမ်တံခါးကို လာခေါက်ကြမလဲဆိုတဲ့အတွေးတွေနဲ့ပဲ ရှင်သန်နေကြရတာပါ။ 

လူထုရဲ့ အကြပ်အတည်းဟာ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။  ပြည်သူထုကြီး အခုနောက်ဆုံး ကြုံတွေ့ရတဲ့ အကြပ်အတည်းကတော့ မတရားစစ်မှုထမ်းဥပဒေဆိုင်ရာ အကြပ်အတည်းပါပဲ။ စစ်ကောင်စီဟာ ဒီမတရားစစ်မှုထမ်းဥပဒေနဲ့ လူတိုင်းရဲ့ အိမ်တံခါးကို လာခေါက်နေပါပြီ။ မိဘပြည်သူတွေ ရင်နဲ့လွယ်ပြီး တယုတယမွေးမြူထားခဲ့ရတဲ့ သားသမီးတွေကို အကြမ်းဖက်စစ်တပ်က စစ်ကျွန်ခံခိုင်းပြီး သူတို့ကို အလုပ်အကျွေးပြုခိုင်းပါတော့မယ်။ သူတို့ ရာထူး၊ ဂုဏ်ရှိန်၊ စည်းစိမ်ကို ကာကွယ်ဖို့အတွက် မိဘပြည်သူတို့ရဲ့ သားသမီးတွေကို သူတို့ကိုယ်စား အသေခံခိုင်းတော့မှာပါ။ ဒီမတရားစစ်မှုထမ်းဥပဒေဆိုင်ရာ အကြပ်အတည်းဟာ လူထုအပေါ်ကို အင်မတန်ဖိစီးနေပါတယ်။ ကိုယ့်နာမည်များ ပါလာမလား၊ ကိုယ်သားလေး၊ သမီးလေး၊ ကိုယ့်မြေးလေး နာမည်များ စစ်မှုထမ်းဖို့ခေါ်တဲ့အထဲ ပါလေမလားဆိုတဲ့စိတ်နဲ့ လူထုတရပ်လုံးဟာ စားမဝင်၊ အိပ်မပျော်ဖြစ်နေကြရပါတယ်။ ဈေးထဲမှာလည်း ဒီအကြောင်း၊ လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း၊ သူငယ်ချင်းမိတ်ဆွေအချင်းချင်းပြောကြတဲ့အခါကလည်း ဒီအကြောင်းကပဲ နေရာယူထားပါတယ်။

ပြည်သူလူထုကြီးတရပ်လုံးက ဒီမတရားစစ်မှုထမ်းဥပဒေကို တခဲနက် ဆန့်ကျင်တုံ့ပြန်နေကြတာ ကျနော်တို့ မျက်မြင်ပါပဲ။ လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ကြတယ်၊ လွတ်မြောက်နယ်မြေတွေကို သွားပြီး တော်လှန်ရေးမှာ တတပ်တအားပါဝင်ဆောင်ရွက်ကြတယ်၊ တချို့ကတော့ နိုင်ငံရပ်ခြားကို ထွက်သွားကြတယ် စသဖြင့် တဦးချင်း ကိုယ်တတ်နိုင်တဲ့ ပုံသဏ္ဍာန်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်တုံ့ပြန်နေကြပါတယ်။ ကိုယ့်အသက်ကိုတောင် စွန့်လွှတ်ပြီး ဆန့်ကျင်တယ်ဆိုတာဟာ လူတဦးချင်းအနေနဲ့ လုပ်နိုင်တဲ့ အမြင့်ဆုံးအံတုမှုပါပဲ။ မတရားစစ်မှုထမ်းဥပဒေကို အသက်နဲ့လဲပြီး ဆန့်ကျင်သွားခဲ့တဲ့လူတွေ အရေအတွက်မနည်းတော့ပါဘူး။ မတရားစစ်မှုထမ်းအခေါ်ခံရလို့ သတ်သေသွားတဲ့ လူငယ်တွေ၊ ကိုယ့်မြေးလေးကို စစ်မှုထမ်းဖို့ လာခေါ်လို့ သတ်သေသွားတဲ့ အဘွားအိုရဲ့ သတင်းတွေကို ကျနော်တို့ နားနဲ့မဆန့်အောင် ကြားနေကြရပါတယ်။

ပြည်သူလူထုကြီးတရပ်လုံးကတော့ သူတို့ တတ်နိုင်တဲ့ ပုံသဏ္ဍာန်တွေနဲ့ စစ်မှုထမ်းဥပဒေကို အစွမ်းကုန်ဆန့်ကျင်နေကြပါပြီ။ ဒီလိုတဦးချင်းဆန့်ကျင်မှုတွေကို နိုင်ငံရေးတိုက်ပွဲအဆင့်ရောက်လာအောင် ကြိုးပမ်းကြရမှာက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ထိရောက်တဲ့ နိုင်ငံရေးတိုက်ပွဲတွေ၊ လူထုလှုပ်ရှားမှုတွေနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့ ကျနော်တို့ ကြိုးစားကြရပါမယ်။ ဒီလောက်လူထုကို ဒုက္ခပေးနေတဲ့ မတရားစစ်မှုထမ်းဥပဒေကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိထိရောက်ရောက်တုံ့ပြန်ဖို့ အရေးပေါ်လိုအပ်နေပါပြီ။ ဒီကနေ့ ပြည်သူ့ညီလာခံကို တက်ရောက်လာကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ မတရားစစ်မှုထမ်းဥပဒေတိုက်ဖျက်ရေးကို ထိရောက်တဲ့ နိုင်ငံရေးတိုက်ပွဲအဖြစ် အင်တိုက်အားတိုက် စုပေါင်းဖော်ဆောင်ကြဖို့ ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။ 

ကျနော် ရှေ့မှာတင်ပြခဲ့သလိုပါပဲ။ ဒီကနေ့ ပြည်သူလူထုရဲ့ အကြပ်အတည်းဟာ အင်မတန်ကြီးမားပါတယ်။ မြန်မာ့သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့တောင် ပြောနိုင်ပါလိမ့်မယ်။ ဒီလောက်ဆိုးရွားတဲ့ အခက်အခဲ အကြပ်အတည်းတွေကနေ လွတ်မြောက်ဖို့ တခုတည်းသောအဖြေကတော့ တော်လှန်ရေးပါပဲ။ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် အမြစ်ပြုတ်မှသာလျှင် ပြည်သူလူထုကြီးတရပ်လုံး ငရဲတွင်းက လွတ်ပါလိမ့်မယ်။ ဒီစစ်သုံးစစ်ကို အမြစ်ပြတ်အောင်တိုက်ဖို့ဆိုရင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ခိုင်မာတဲ့ သွေးစည်းညီညွတ်မှု ရှိဖို့လိုပါတယ်။ ဘုံမူဝါဒ၊ ဘုံလုပ်ငန်းစဉ်ရှိတဲ့ တပ်ပေါင်းစုကို လိုအပ်ပါတယ်။ တောင့်တင်းခိုင်မာတဲ့ တပ်ပေါင်းစုသာရှိရင် စစ်အာဏာရှင်တော်လှန်ရေးခရီး ဘယ်လောက်တာသွားတယ်ဆိုတာကို ညီနောင်မဟာမိတ်သုံးဖွဲ့က သက်သေပြပြီးဖြစ်ပါတယ်။ တပ်ပေါင်းစုရဲ့ အရေးပါမှုကို ရှမ်းမြောက်နဲ့ အာရကန်ဒေသက အောင်မြင်မှုတွေက သက်သေပြပြီးဖြစ်ပါတယ်။ ဒီကနေ့အချိန်မှာ တနိုင်ငံလုံးလွှမ်းခြုံပြီးတော့ အနှစ်သာရပြည့်ဝတဲ့ တော်လှန်ရေးတပ်ပေါင်းစု မရှိသေးပါဘူး။ တပ်ပေါင်းစုပေါ်ပေါက်ရေးကို မရမနေ ကြိုးပမ်းဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။

တော်လှန်ရေးအင်အားစုအချင်းချင်းကြားက ပြဿနာတွေဟာ မိတ်ဖက်ပြဿနာတွေပဲဖြစ်ပါတယ်။ ဒီကာလမှာ ကျနော်တို့ရဲ့ ဘုံရန်သူဟာ အကြမ်းဖက်စစ်တပ်တဦးတည်း ဖြစ်ပါတယ်။ ဒီဘုံရန်သူကို ဆန့်ကျင်တော်လှန်နေကြတဲ့ အင်အားစုတိုင်းဟာ ကိုယ့်ရဲ့မဟာမိတ်တွေပဲလို့ မှတ်ယူပါတယ်။ မဟာမိတ်အချင်းချင်းကြားက ပဋိပက္ခတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေကို နိုင်ငံရေးရင့်ကျက်မှုရှိရှိနဲ့ သဘောထားကြီးကြီးထားကြကာ ညှိညှိနှိုင်းဖြေရှင်းကြရမှာပဲလို့ ကျနော်တို့ ခံယူပါတယ်။ တချက်တူရင် တချက်ပေါင်းကြရမှာပါပဲ။ မတူတာတွေခွဲလုပ်ပြီး တူတာတွေ တွဲလုပ်ကြဖို့ဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ညီလာခံဟာ အနှစ်သာရပြည့်ဝတဲ့ တပ်ပေါင်းစုပေါ်ပေါက်ရေးအတွက် တတပ်တအား အကျိုးပြုနိုင်ပါစေလို့ ဗကသများအဖွဲ့ချုပ်က ဆန္ဒပြုပါတယ်။ ညီလာခံကို တက်ရောက်လာကြတဲ့ အင်အားစုအသီးသီးအနေနဲ့လည်း အနှစ်သာရပြည့်ဝတဲ့ တပ်ပေါင်းစုပေါ်ပေါက်ရေးကို မရမနေ ကြိုးပမ်းပေးကြပါလို့ ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် မေတ္တာရပ်ခံပါတယ်။ 

အချုပ်အားဖြင့် ပြန်လည်တင်ပြရရင်တော့ ဒီကနေ့မှာ ပြည်သူလူထုတရပ်လုံးဟာ ကြီးမားတဲ့ အထွေထွေအကြပ်အတည်းပေါင်းစုံကို ရင်ဆိုင်နေရပါတယ်။ ဒီအကြပ်အတည်းပေါင်းစုံထဲကမှ ဒီကနေ့ ပြည်သူလူထုတရပ်လုံးကို ဒုက္ခအပေးဆုံးဖြစ်နေတာကတော့ မတရားစစ်မှုထမ်းဥပဒေနဲ့ ဗြောင်ပေါ်တာဆွဲမှုပါပဲ။ ဒီမတရားစစ်မှုထမ်းဥပဒေကို တုံ့ပြန်တိုက်ခိုက်ဖို့အတွက် ထိရောက်တဲ့ နိုင်ငံရေးတိုက်ပွဲတွေ၊ လူထုတိုက်ပွဲတွေကို တော်လှန်ရေးအင်အားစုအသီးသီးက စုစုစည်းစည်းနဲ့ ဝိုင်းဝန်းဖော်ဆောင်ကြဖို့ ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အထူးတိုက်တွန်းပါတယ်။ ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း မတရားစစ်မှုထမ်းဥပဒေတိုက်ဖျက်ရေးတိုက်ပွဲကို အင်တိုက်အားတိုက် ဆင်နွှဲဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ကျနော်တို့ကတော့ ကျရာနေရာက ပါဝင်တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ။ 

ပြည်သူလူထုကြီးဟာ အင်မတန်ပူပြင်းခက်ထန်တဲ့ ငရဲမီးကို ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ ဒီအကြပ်အတည်းတွေရဲ့ လက်သည်တရားခံကတော့ အကြမ်းဖက်စစ်အုပ်စုမှတပါး အခြားမရှိပါဘူး။ ဒါကြောင့် စစ်အစိုးရ၊ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် အမြစ်ပြတ်မှသာလျှင် ပြည်သူလူထုကြီးဟာ ငရဲတွင်းက လွတ်ပါလိမ့်မယ်။ စစ်သုံးစစ်ကို အမြစ်ပြုတ်အောင်တိုက်ဖို့ဆိုရင် အနှစ်သာရပြည့်ဝတဲ့ တပ်ပေါင်းစု လိုအပ်ပါတယ်။ အနှစ်သာရပြည့်ဝတဲ့ တပ်ပေါင်းစုကသာ အဖြေဖြစ်ပါတယ်။ ဒီလိုတပ်ပေါင်းစုပေါ်ပေါက်ရေးကို တော်လှန်ရေးအင်အားစုအသီးသီးက မရမနေ ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့ ကျနော်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် မေတ္တာရပ်ခံရင်း ကျနော့်ရဲ့ ပြောဆိုမှုကို ဒီနေရာမှာ နိဂုံးချုပ်လိုက်ပါတယ်။

“ရန်သူတကာ ကြောက်ဒူးတုန်ပါစေ”
“ပြည်သူအပေါင်း ရွှင်လန်းတက်ကြွပါစေ”

ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #nucc #People'sAssembly #ပြည်သူ့ညီလာခံ

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ