စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

တော်လှန်ရေးအင်အားစုရဲဘော်များနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါင်းတို့….

ယနေ့ဆိုလျှင် မင်းအောင်လှိုင် စစ်အုပ်စုမှ ပြည်သူလူထု၏ အချုပ်အခြာအာဏာအား အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍လည်း ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အား တခဲနက် အုံကြွဆန့်ကျင်ခဲ့ကြသည်မှာ လက်နက်ကိုင် တော်လှန်ရေး အသွင်ထိပါ ကူးပြောင်း တိုက်ပွဲဝင်လာနိုင်သည်အထိ တော်လှန်ရေးရဲ့ အရှိန်အဟုန်မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါပြီ။ တဖက်မှာလည်း စစ်အုပ်စုက လူထုတော်လှန်ရေးကြီးအား ရက်ရက် စက်စက် ဖြိုခွင်းချေမှုန်းခဲ့သလို နည်းလမ်းပေါင်းစုံဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက် ရှိပါသည်။

သို့ရာတွင် လူထု၏ ဒေါသမီးတောက်ကိုသာ ကြုံတွေ့နေရသည့် စစ်အုပ်စုသည် နိုင်ငံရေး ထွက်ပေါက်ရရန် အတုအယောင် ရွေးကောက်ပွဲတရပ်အား ကျင်းပ၍ လူထုနှင့် ပြည်တွင်းပြည်ပ အင်အားစုများအား မျက်လှည့်ပြ လှည့်စားရန် ကြံရွယ်နေပါသည်။ ထိုရွေးကောက်ပွဲမှာလည်း လူထုထောက်ခံမှု၊ စိတ်ဝင်စားမှုအား တစိုးတစိမျှ မရခဲ့ဘဲ စစ်အုပ်စု အလိုကျ ချယ်လှယ်ထားမှန်း လယ်ပြင်မှာ ဆင်သွားသကဲ့သို့ အတိုင်းသား မြင်နေရပါသည်။

စစ်အုပ်စု အလိုကျရွေးကောက်ပွဲမှာ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ပြည်သူလူထုအား ဆက်လက်လှည့်ဖျား၍ တော်လှန်ရေး အရှိန်အဟုန် ယုတ်လျော့စေရန် စစ်အုပ်စုက ဆက်လက် အားထုတ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကြီးအနေဖြင့် စစ်အုပ်စု၏ မည်သည့် အရိုးအရင်း လွတ်လပ်ခွင့်၊ ရွှေရည်စိမ်အပြောင်းအလဲကိုမျှ လက်မခံဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံး သည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ပ်တို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းလိုပါသည်။

အစိုးရနေရာများ၊ အုပ်ချုပ်သူနေရာများတွင် မည်မျှပြောင်းလဲမှုများ ဖြစ်သွားစေကာမူ  စစ်အာဏာရှင် စနစ် တည်ရှိနေသမျှကာလပတ်လုံး ကျွန်ုပ်တို့အနေနှင့် ဤစနစ်၏ ဆိုးမွေများကို အနုနည်း၊ အကြမ်းနည်းမျိုးစုံဖြင့် ခံစားနေရဦးမည်ဖြစ်ကြောင်းကို နေဝင်းစစ်အုပ်စု၊ သန်းရွှေစစ်အုပ်စု၊ သိန်းစိန်စစ်အုပ်စု စသည့် စစ်အုပ်စု၏ ထပ်တလဲလဲ အပြောင်းအလဲများက သမိုင်းသက်သေ ထူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တယား ဆိုသည့် စစ်သုံးစစ်နှင့် အခိုင်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပြုတ်ကျသွား သည်အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှသာ ဤစနစ်၏ ဖိနှိပ်မှုသံသရာက လွတ်မြောက်နိုင်မည် ဖြစ်သည်။

ထိုသို့ တိုက်ပွဲဝင်ရာတွင်လည်း ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် ပြည်သူလူထုကို မျက်နှာ မမူနိုင်၊ အဖွဲ့အစည်းချင်းချင်းကြား မိတ်ဖက်ပဋိပက္ခများအား ဘေးမချိတ်နိုင်ပါက နွားကွဲရင် ကျားဆွဲ သကဲ့သို့ ဝါးအစည်းပြေတော့မည့် အန္တရာယ်ကို စိုးရိမ်နေရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဘုံရည်မှန်းချက်ပေါ် အခြေခံသည့် စုစည်းညီညွတ်သော ခိုင်မာတဲ့တပ်ပေါင်းစုတရပ်ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် အလျင်အမြန် လိုအပ်နေပြီဖြစ်သည်။ သမိုင်းကို လှန်လှောကြည့်မည်ဆိုလျှင်လည်း နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အင်အားစုအသီးသီးမှ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး - ဖဆပလ တပ်ပေါင်းစုကြီး အဖြစ် စုစည်းခဲ့ကြပြီး ဗမာပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုးနေသည့် ဖက်ဆစ် ဂျပန်တို့အား တိုက်ထုတ်နိုင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း တောင်တန်းမြေပြန့် တော်လှန်ရေး အင်အားစု အသီးသီး ပေါင်းစည်း၍ စစ်ကောင်စီတပ်များအား ချေမှုန်းနိုင်ခဲ့သည်မှာ တော်လှန်ရေးအတွက် အရှိန်အဟုန်ကို မြှင့်တင် ပေးခဲ့သော ခြေလှမ်းများပင်ဖြစ်သည်။

ထို့ကြောင့် စစ်အုပ်စု၏ ဖိနှိပ်မှုများနှင့် အတုအယောင်ခြေလှမ်းသစ်များကို အန်တုတိုက်ထုတ်နိုင်ရန် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည့်ဝသော စည်းရုံးရေးလုပ်ဟန်၊ ညီညွတ်ရေးရှေးရှု သော သဘောထားအမြင်များဖြင့် ခိုင်မာသော မဟာမိတ်များ စုစည်းတည်ဆောက်ခြင်းမှတဆင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသည့် အင်အားစုပေါင်းစုံ ပါဝင် သည့် တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေတည်ဆောက်ကြရမည်ဖြစ်သည်။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် စစ်အာဏာသိမ်း (၅)နှစ်ပြည့်မှစ၍ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် စစ်သုံးစစ်အမြစ်ဖြတ်ရေး ဘုံရည်မှန်းချက်ပေါ် ရပ်ခံကာ အင်အားစုအားလုံးစုပေါင်းတည်ဆောက်ထားသည့် ကျယ်ပြန့်သော တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေ ထွက်ပေါ်လာနိုင်ရန် ကြိုးပမ်းရင်း လူထုကိုမျက်နှာမူလျက် တော်လှန်ရေး၏ အရှိန်အဟုန် အား မြှင့်တင်သယ်ဆောင်ကြပါစို့လို့ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

“တပ်ပေါင်းစု၍ အတူရပ်
စစ်သုံးစစ်ကို အမြစ်ဖြတ်”

ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည့် အဖွဲ့အစည်းများ - ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့
ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)
Yangon Revolution Force (YRF)
မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
တာမွေမြို့နယ်သပိတ်ကော််မတီ
ကြည်မြင်တိုင်မြို့နယ်လူငယ်များသပိတ်ကော်မတီ
သာကေတမြို့နယ်သပိတ်ကော်မတီ
ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ
လှိုင်ဒီမိုကရက်တစ်ကွန်ရက်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ
အခြေခံကျောင်းသားလူငယ်များအစည်းအရုံး - အကလ
ကျောင်းသားအင်အားစုများကွန်ရက်
လူ့ဘောင်သစ်လူငယ်
မျိုးဆက်သစ်လူငယ်များအင်အားစု
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ
လီဆူလူငယ်ကွန်ဂရက်
တိုးတက်သော မွတ်စ်လင်မ် လူငယ်များအစည်းအရုံး
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု
ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး

#MilitaryCoupInMyanmar #Againstmilitaryjunta #abfsu #WhatsHappeningInMyanmar

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ