၁၀၂ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့
၁၃၈၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ်သည် ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာ ၁၇ ရက်နေ့) တွင် ၁၀၂ နှစ်ပြည့်လေပြီ။ ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ်နှင့်အတူ ပေါ်ပေါက်လာသည်ဖြစ်ရာ မြကျွန်းညိုညိုအမိတက္ကသိုလ်သည်လည်း လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၁၀၂ နှစ်ပြည့်မည်ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သော ပထမကျောင်းသားသပိတ်သည် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်း၏ အစကနဦးပင်တည်း။ ၁၈၇၉ ခုနှစ်တွင် ရန်ကုန်ကောလိပ်၊ ၁၈၉၄ ခုနှစ်တွင် ယုဒသန်ကောလိပ်ကို လက်ရှိရန်ကုန်တက္ကသိုလ် နေရာတွင် အင်္ဂလိပ်အစိုးရက ဖွင့်လှစ်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်များ အဖြစ်ထားခဲ့သည်။ ၁၉၁၈ ခုနှစ်ထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ မရှိသေးဘဲ ပြည်သူတရပ်လုံးက ရန်ကုန်တွင် တက္ကသိုလ်ဖွင့်ပေးရန် အထပ်ထပ်တောင်းဆိုသောအခါမှ အင်္ဂလိပ်လူမျိုး ပညာမင်းကြီး မက်ဟန့်တားကို ဥက္ကဋ္ဌနေရာထားကာ အဖွဲ့ဝင် ၃၀ ခန့်ပါသော ဥပဒေပြုကောင်စီကို ဖွဲ့စည်းပြီး တက္ကသိုလ်အက်ဥပဒေကိ...