၁၀၂ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့

 

၁၃၈၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်

 

ဗြိတိသျှနယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက်ခဲ့သော ပထမကျောင်းသားသပိတ်သည် ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာ ၁၇ ရက်နေ့) တွင် ၁၀၂ နှစ်ပြည့်လေပြီ။ ပထမကျောင်းသားသပိတ်သည် ရန်ကုန်တက္ကသိုလ်နှင့်အတူ ပေါ်ပေါက်လာသည်ဖြစ်ရာ မြကျွန်းညိုညိုအမိတက္ကသိုလ်သည်လည်း လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၁၀၂ နှစ်ပြည့်မည်ဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အမျိုးသားနေ့ဟု သတ်မှတ်ခဲ့သော ပထမကျောင်းသားသပိတ်သည် ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်း၏ အစကနဦးပင်တည်း။

 

၁၈၇၉ ခုနှစ်တွင် ရန်ကုန်ကောလိပ်၊ ၁၈၉၄ ခုနှစ်တွင် ယုဒသန်ကောလိပ်ကို လက်ရှိရန်ကုန်တက္ကသိုလ် နေရာတွင် အင်္ဂလိပ်အစိုးရက ဖွင့်လှစ်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်များ အဖြစ်ထားခဲ့သည်။ ၁၉၁၈ ခုနှစ်ထိ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟူ၍ မရှိသေးဘဲ ပြည်သူတရပ်လုံးက ရန်ကုန်တွင် တက္ကသိုလ်ဖွင့်ပေးရန် အထပ်ထပ်တောင်းဆိုသောအခါမှ အင်္ဂလိပ်လူမျိုး ပညာမင်းကြီး မက်ဟန့်တားကို ဥက္ကဋ္ဌနေရာထားကာ အဖွဲ့ဝင် ၃၀ ခန့်ပါသော ဥပဒေပြုကောင်စီကို ဖွဲ့စည်းပြီး တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲရန်အင်္ဂလိပ်အစိုးရက ပြင်လေသည်။ ကောင်စီတွင် မြန်မာ ၆ ဦးသာပါပြီး တိုင်းရင်းသားများက ရွေးကောက်တင်မြောက်ထားသော ဥပဒေပြုအမတ်များနှင့်ရေးဆွဲရန်၊ ဥပဒေပြု လွှတ်တော်ဖွဲ့စည်းပြီးသည်အထိ ဆိုင်းငံ့ထားရန် ပြည်သူအများက တောင်းဆိုခဲ့ကြသော်လည်း အင်္ဂလိပ်အစိုးရက တဇွတ်ထိုးရေးဆွဲခဲ့သည်။

 

အဆိုပါကောင်စီကရေးဆွဲသော တက္ကသိုလ်အက်ဥပဒေသည် ကန့်သတ်ချုပ်ချယ်မှုများစွာ ပါဝင်နေသည်။ ဥပမာအားဖြင့် “ဗမာပြည်တွင် တက္ကသိုလ်တခုသာ ရှိရမည်။ တက္ကသိုလ်၏ လက်အောက်တွင်လည်း ကောလိပ်ကျောင်းတကျောင်းသာရှိရမည်။ ကောလိပ်ကျောင်းတွင် ပညာသင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစားသာ ဖြစ်ရမည်။ တက္ကသိုလ်ဝင်စာပေးပွဲမထားရှိတော့ဘဲ အစိုးရက ပြုလုပ်သော ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းစာမေးပွဲအောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခုခုတွင် ထူးချွန်စွာတတ်မြောက်မှ တက္ကသိုလ်ဝင်ခွင့်ရမည်။  ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းဘွဲ့တန်းတွင် တကြိမ်တည်း မအောင်မြင်ပါက နောက်နောင်ဖြေဆိုခွင့်မပြု” စသဖြင့် အမျိုးမျိုး ဖိနှိပ်ထားသော အချက်များပါဝင်နေသည်။ တနည်းအားဖြင့်ဆိုသော် အင်္ဂလိပ်အစိုးရက ပြဌာန်းသော တက္ကသိုလ်အက် ဥပဒေသည် ရန်ကုန်တက္ကသိုလ်အတွက်ဟုဆိုသော်လည်း ဗမာပြည်ရောက် မျက်နှာဖြူများနှင့်၎င်းတို့၏ အလိုတော်ရိများအတွက်သာ ရည်ရွယ်ပြီး တိုင်းသူပြည်သားများအား နိုင်ထက်စီးနင်းပြုသော အက်ဥပဒေ ဖြစ်သည်။

 

ကျောင်းသားများကန့်ကွက်နေလျက်နှင့်ပင် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အဆိုပါ အက်ဥပဒေကို အတည်ပြုကြောင်းကြေညာခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများက တိုင်ပင်ဆွေးနွေးပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင်သပိတ်မှောက်ရန် စီစဉ်ကြသည်။ သို့သော် အင်္ဂလိပ်အစိုးရဘက်က အစီအစဉ်ကို ရိပ်မိသွားသောကြောင့် ၇ ရက်နေ့ထိမစောင့်ဆိုင်းတော့ဘဲ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် ဝါ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသားများသည် ၎င်းဥပဒေနှင့် ၎င်းဥပဒေအရဖွင့်လှစ်မည့် တက္ကသိုလ်ကို စတင်သပိတ်မှောက်လိုက်ကြသည်။ ဤသည်မှာ နယ်ချဲ့အစိုးရကို ပေါ်ပေါ်ထင်ထင် တော်လှန်ခဲ့သော ပထမဆုံးကျောင်းသားသပိတ် ဖြစ်လေသည်။

 

ထိုသပိတ်သည် တနိုင်ငံလုံးရှိကျောင်းများသို့ ကူးစက်ပျံ့နှံ့သွားသည်။ ယူနီဗာစီတီအက်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုကြသော်လည်း မရရှိခဲ့ပေ။ ၁၉၂၀ ခု၊ ဒီဇင်ဘာလ၊ (၂၉) ရက်နေ့ ဂျီစီဘီအေအသင်းချုပ်ကြီးအစည်းအဝေးတွင် ဗမာနိုင်ငံအရပ်ရပ်၌ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်၊ ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတကျောင်းတည်ထောင်ဖွင့်လှစ်ရန်၊ အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားသော စာသင်ကျောင်းများကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်၊ အမျိုးသားကျောင်းများ စုပေါင်းအုပ်ချုပ်ရန် လိုအပ်သော စီစဉ်ညွှန်ကြားချက် စသည်တို့ကို ပြုလုပ်နိုင်ရန် အမျိုးသားပညာရေးအဖွဲ့ ဖွဲ့စည်းရန် စသည်တို့ကို ဆုံးဖြတ်ခဲ့သည်။ သို့ဖြင့် အမျိုးသားကျောင်းများပေါ်ပေါက်လာခဲ့သည်။ ဂျီစီဘီအေ နဝမ အကြိမ်မြောက် ကွန်ဖရင့်ကြီးက ကောလိပ်ကျောင်းသားများစတင်သပိတ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်သည်။

 

ပထမကျောင်းသားသပိတ်သည် ကျောင်းသားနိုင်ငံရေးစတင် သန္ဓေတည်ခဲ့သည့်လှုပ်ရှားမှုဆိုလည်း မမှားချေ။ပထမကျောင်းသားသပိတ်ပြီးနောက် ကျောင်းသားလှုပ်ရှားမှုများသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုအသွင်ကို ဆောင်လာသည်။ ဖက်ဆစ်ဝင်လာသောအခါတွင်လည်း ကျောင်းသားများသည် ဖက်ဆစ်တိုက်ဖျက်ရေးအလံအောက်သို့ဝင်ကာ လက်နက်ကိုင်တော်လှန်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးခေတ် ဖဆပလအစိုးရလက်ထက်တွင်လည်း မတရားမှုများကို ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။ ၁၉၆၂ ဗိုလ်နေဝင်းစစ်အာဏာသိမ်းသောအခါတွင်လည်း ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြသောကြောင့် ကျောင်းသားပေါင်းရာကျော်ကျဆုံးခဲ့ရသည့် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ ရန်ကုန်တက္ကသိုလ်ရွှေရတုသဘင်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ ရွှေတိဂုံအထွေထွေသပိတ်၊ ချင်းကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဆလိုင်းတင်မောင်ဦးအဖမ်းခံရသည့် ၁၉၇၆ ခု မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၇၇ ခုနှစ်လေးလုံး ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု စသည့်ကျောင်းသားလှုပ်ရှားမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။ ထိုကျောင်းသားလှုပ်ရှားမှုများသည် စစ်အာဏာရှင်စနစ်၏ ရက်စက်ယုတ်မာမှုများကို ဆန့်ကျင်သည့် ကျောင်းသားလှုပ်ရှားမှုများဖြစ်ပေသည်။ ၁၉၈၈ မတ်လတွင် ဖုန်းမော်အရေးအခင်း၊ တံတားနီအရေးအခင်း (ဝါ) အင်းလျားကန်ဘောင်အရေးအခင်းတို့ ပေါ်ပေါက်ခဲ့သည်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးတွင် ကျောင်းသားများသည် တတပ်တအားပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ ၉၀ ရွေးကောက်ပျက်ပြီး နဝတ၊ နအဖ လက်ထက်တွင် ကျောင်းသားအများအပြားသည် လက်နက်စွဲကိုင်၍ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ကျောင်းသားများပါဝင်ခဲ့ကြသည်။ ၂၀၁၄-၁၅ တွင် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆန့်ကျင်ကန့်ကွက်သည့် ဒီမိုကရေစီပညာရေးသပိတ်ပေါ်ပေါက်ခဲ့သည်။

 

ယခုစစ်အာဏာရှင်တော်လှန်ရေးကာလတွင်လည်း ကျွန်ုပ်တို့ကျောင်းသားများသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပေမည်။ နောင်တော်ကျောင်းသားကြီးများ လက်ဆင့်ကမ်းခဲ့သော သမိုင်းတာဝန်ကို ဆက်လက်ထမ်းရွက်ကြရမည်။ တော်လှန်ရေးအရှိန်အဟုန်ကို ရရာနည်းဖြင့် မြှင့်တင်ကြရပေမည်။ ကျောင်းသားရဲဘော်အပေါင်းတို့… ငါတို့၏ လက်ရုံးဖြင့် နှောင်ကြိုးများကို ချိုးဖျက်ပါအံ့။ ငါတို့၏ သွေးစည်းညီညွတ်မှုဖြင့် ဖက်ဆစ်စစ်ဘီလူးတို့ကို အပြီးတိုင် မောင်းထုတ်ပါအံ့။

 

#ABFSU #ဗကသ #UYSU #ရတကသ #Universityofyangon #Whatshappeninginmyanmar #ပထမ #ကျောင်းသားသပိတ် #အမျိုးသားအောင်ပွဲနေ့

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ