ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး‌ကော်မတီ အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ

ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်

ရဲဘော်တို့ ...
ဗကသများအဖွဲ့ချုပ် အပါအဝင် ပြည်သူလူထုတရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးက ၃ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီသုံးနှစ်တာဟာ ရန်သူ့ရဲ့ ပြင်းထန်ရက်စက်တဲ့ ဖိနှိပ်ထိုးနှက်မှုအလီလီကို ကျနော်တို့အနေနဲ့ ကြံ့ကြံ့ခံကျော်လွှားခဲ့ရတဲ့ကာလ ဗကသသမိုင်းမှာ  ကြမ်းတမ်းခက်ထန်ဆုံးကာလတွေထဲက တခုဖြစ်ပါတယ်။ ပြည်သူ့ရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဟာလည်း တနေ့ထက်တနေ့ ပြိုကျပျက်စီးနေပြီဆိုတာကလည်း ရဲဘော်တို့မျက်မြင်ကိုယ်တွေ့ပဲဖြစ်တယ်။ ဒါပေမယ့်လည်း လက်ရှိအနေအထားမှာ သူတို့က ဖိနှိပ်ရေးယန္တယားတွေကို လည်ပတ်ဖို့အတွက် အင်အားအခိုင်အမာ ကျန်ရှိ‌နေ‌ဆဲပါပဲ။ ရန်သူဟာ သူ့အင်အားကို ထိန်းသိမ်းဖို့နဲ့ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် စက္ကူစုတ်ပေါ်မှာ ဥပဒေဆိုပြီး သူတို့စိတ်တိုင်းကျ ရေးချင်သလိုရေးထားတာတွေကို ပြည်သူလူထုရဲ့ဆန္ဒမပါဘဲ သွေးရူးသွေးတန်း ပြဌာန်းထုတ်ပြန်နေတယ်။ ဒါ့ကြောင့် ရှေ့ကာလတွေမှာ ကျနော်တို့အနေနဲ့ ပြည်သူတရပ်လုံးနှင့်အတူ ရပ်တည်ပြီး ရန်သူ့ဖိနှိပ်မှုတွေကို ကြံကြံခံရင်ဆိုင်ပြီး ဆက်လက်ကျော်ဖြတ်ရအုံးမှာပဲ ဖြစ်ပါတယ်။

“ငါတို့ ဘာတွေလုပ်ခဲ့လဲ”
ဗကသများအဖွဲ့ချုပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကနေ ပေါက်ကွဲပေါ်ထွက်လာတဲ့ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးမှာ အဓိကအင်အားစုတရပ်အဖြစ်နဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ စစ်သုံးစစ်ကို တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက ရန်ကုန်မြို့ကနေ စတင်ဖော်ဆောင်ခဲ့တယ်။ ရက်ပိုင်းအတွင်းမှာပဲ ဗမာပြည်ရဲ့ မြို့ကြီးတွေမှာ ဗကသများအဖွဲ့ချုပ် ခရိုင်/မြို့နယ်သမဂ္ဂ အသီးသီးရဲ့ လူထုတိုက်ပွဲတွေဟာလည်း ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့တယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ဗကသများအဖွဲ့ချုပ် လှုပ်ရှားရာဒေသအသီးသီးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တိုက်ပွဲပုံသဏ္ဍာန်မျိုးစုံသုံးပြီး လှုပ်ရှားမှုပေါင်း (၁၂၄၇) ခုအထိ ဖော်ဆောင်နိုင်ခဲ့တယ်။ 

သုံးနှစ်တာဖော်ဆောင်ခဲ့တဲ့ လှုပ်ရှားမှုတွေအတွင်းမှာ ဒေသအသီးသီးက ဗကသရဲဘော် ၆၀ ကျော် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပြီး ၁၆ ဦးအထိ ကျဆုံးခဲ့ရပါတယ်။ ပြည်သူ့လွတ်မြောက်ရေးအတွက် ပေးဆပ်ရတဲ့အဖိုးအခလို့မှတ်ယူရင်း ကျဆုံးရဲဘော်တွေအတွက်ရော ရန်သူ့အကျဉ်းစခန်းထဲက ရဲဘော်တွေအတွက်‌ရော ဗကသအလံကို ဆက်လက်လွင့်ထူနေကြတဲ့ ရဲဘော်တွေအတွက်ရော လေးစားဂုဏ်ယူစွာနဲ့  ဦးညွှတ်အလေးပြုလိုက်ပါတယ်။ ထောင်ဒဏ်နှစ်စေ့လို့ ရဲဘော်အချို့ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် လက်ရှိချိန်အထိ ရန်သူ့အကျဉ်းထောင်တွေအတွင်းမှာ ဗကသဗဟို ဒုဥက္ကဌ အပါအဝင် ဗကသရဲဘော် ၃၀ နီးပါး မတရားအကျဉ်းချခံထားရပြီး အဖွဲ့ချုပ်အနေနဲ့ ထိခိုက်မှုတွေ ဒဏ်ရာအနာတရတွေလည်း မနည်းမနောပါပဲ။ အဲ့ဒီလိုဒဏ်ရာအနာတရတွေကြားကပဲ ဗကသခွပ်ဒေါင်းအောင်လံကို အမြင့်မားဆုံး ဆက်လက်လွှင့်ထူနိုင်ရေး၊ ဘုံရန်သူကို ဆက်လက်တိုက်ပွဲဝင်နိုင်ရေးအတွက် ဗကသရဲဘော်အသီးသီးက ကျရာတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ပြီး ရန်သူ့ဖိနှိပ်မှုကို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ကြတာကလည်း ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ဗကသရဲ့သမိုင်းအစဉ်လာ ဘာလဲဆိုတာကို လက်တွေ့သက်သေပြလိုက်တာပါပဲ။

“ငါတို့ ဘာတွေလိုအပ်ခဲ့သလဲ”
လက်ရှိအချိန်ဟာ တရားမျှတပြီး နိုင်ငံရေးလိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတဲ့ကာလဖြစ်ပါတယ်။ ရန်သူ့ဖိနှိပ်မှုကြောင့် အခြေခံလူ့အခွင့်အရေးတွေ အပါအဝင် ကျောင်းသားထုရဲ့ ပညာသင်ယူခွင့်ဆုံးရှုံးတာတွေ ပြည်သူလူထုရဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်စည်ရှားပါးပြတ်လပ်မှု စတဲ့ အထွေထွေအကျပ်အတည်းတွေကိုလည်း ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ဥပေဒဆိုပြီးတော့ တိုင်းပြည်ကို နောက်ထပ်ငရဲတွင်းတခုဆီပို့တဲ့ ဒုက္ခဆိုးကိုပါ ရင်ဆိုင်နေကြရတာပါ။ ကျနော်တို့ ဗကသများအဖွဲ့ချုပ်ဟာ ကျောင်းသားထုကို အခြေပြုပြီး ပြည်သူလူထုရဲ့စွမ်းပကားကို ခိုင်ခိုင်မာမာ ယုံကြည်ပြီးတော့ ရပ်တည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ်။ လက်ရှိအခြေအနေမှာတော့ ရန်သူ့ဖိနှိပ်မှုက ရက်စက်ပြင်းထန်လွန်းတဲ့အတွက် နည်းနာအရ မြေအောက်ပုံစံ လျှို့ဝှက်လှုပ်ရှားနေရတယ်။

ဒီမှာ ကျနော်တို့ လိုအပ်ချက်တွေအနေနဲ့ ကိုယ့်အင်အားတွေကို စနစ်တကျ စီမံထိန်းသိမ်းပြီး ရဲဘော်တဦးချင်းကအစ အဖွဲ့အစည်းတရပ်လုံး တည်ဆောက်ရေးပိုင်းမှာ လိုအပ်ချက်တချို့ ရှိခဲ့ကြတာကို ပွင့်ပွင့်လင်းလင်း ဝန်ခံရမှာပါ။ ဒါတွေကိုလည်း ကျနော်တို့ စနစ်တကျပြန်လည်သုံးသပ်ပြီး ပြင်ဆင်လာခဲ့တာ အခုချိန်မှာတော့ အတိုင်းအတာတခုအထိ အောင်မြင်နေပါပြီ။ မိခင်အဖွဲ့ချုပ်ရဲ့ မူဝါဒ ၆ ချက်နဲ့ ‌ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရင်း ပြည်သူကိုအလုပ်အကျွေးပြုဖို့ နည်းလမ်းပေါင်းစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့က ဗဟိုစည်းရုံးရေးကော်မတီဝင်တွေ အပါအဝင် ဗကသရဲဘော်တိုင်းမှာ တာဝန်ရှိပါတယ်။ ဒီမိုကရေစီဗဟိုဦးဆောင်မှုအရ အပ်နှင်းထားတဲ့ ဒီတာဝန်တွေကို ဗဟိုစည်းရုံးရေးကော်မတီဝင်တွေ အပါအဝင် ရဲဘော်တိုင်းက ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ ဗကသများအဖွဲ့ချုပ်ဟာ ခေတ်အဆက်ဆက်မှာ အဖိနှိပ်ခံပြည်သူတွေရဲ့ အကျိုးကလွဲရင် ဘာကိုမှကြည့်လေ့မရှိခဲ့ဘူး။ အဲ့ဒီပြတ်သားမှုဟာ ရန်သူကို တိုက်စစ်ဆင်ပြီး လူထုအကျိုးကို သယ်ပိုးတာပဲဖြစ်တယ်။

“ငါတို့ ဘာဆက်လုပ်ရမလဲ”
ဒီကာလက ကျနော်တို့ မီးပြင်းပေးခံနေရတဲ့ကာလပါ။ မီးပြင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သံထည်တွေက ခိုင်မာထက်မြတ်တဲ့ ဓားကောင်းတွေဖြစ်လာမှာ သေချာပါတယ်။ လက်ရှိပြည်သူလူထုအပါအဝင် အားလုံးရင်ဆိုင်နေရတဲ့ ဒီအခြေအနေကို ကျနော်တို့က အဆင့်အလိုက် ပါးပါးနပ်နပ် ဖြတ်သန်းရမှာပါ။ ရေရှည်မြှုပ်နှံ၊ ကိုယ့်အင်အားကိုစု၊ အခွင့်အခါကိုစောင့်ရင်း တိုက်ပွဲကြီးအတွက် အားမွေးထားပါ။ လုံခြုံရေးအတွက် လျှို့ဝှက်ရေးကို မျက်လုံးအိမ်သဖွယ် သတိထားဂရုစိုက်ပြီး လေ့လာရေးကို နိုင်ငံရေးတာဝန်တရပ်လို မှတ်ယူလုပ်ကိုင်ပါ။ သဘောတရားရေးနဲ့ လက်တွေ့ကို စနစ်တကျ ပေါင်းစပ်နိုင်ဖို့ ကြိုးစားကြပါ။ သဘောတရားရေး မပါတဲ့ လက်တွေ့သက်သက်ဟာ အကန်းနဲ့တူသလို ‌လက်တွေ့မပါတဲ့ သဘောတရားရေးသက်သက်ကလည်း အမြုံနဲ့တူပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရန်သူကို ရေရှည်စစ်ဆင်နိုင်ဖို့အတွက် လုပ်ဟန်အရရော အတွေးအခေါ်အရပါ ရဲဘော်တို့အနေနဲ့ စနစ်တကျ ပြင်ဆင်ထားကြပါ။

ဒီမိုကရေစီဗဟိုဦးဆောင်အမှုအရ ညွှန်ကြားချက်မှန်သမျှကို ဗဟိုစည်းရုံးရေးကော်မတီဝင်တွေ အပါအဝင် ရဲဘော်တိုင်း တိတိကျကျလိုက်နာပါ။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် ညွှန်ကြားချက်တွေက ပြင်းထန်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရဲဘော်တိုင်းက အဖိနှိပ်ခံလူထုရဲ့ အကျိုးစီးပွားနဲ့ ဘုံရန်သူ အမြစ်ပြတ်တိုက်ရေးကို မျက်နှာမူပြီး ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် တောင်းဆိုရမှာပါ။ ရှေ့ဆက်ကာလတွေမှာလည်း ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် တောင်တန်း/မြေပြန့် ဒေသအသီးသီးက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေနဲ့ ခိုင်ခိုင်မာမာလက်တွဲပြီး ဘုံရန်သူ စစ်သုံးစစ်ကို ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ကျနော်တို့ ဒီတိုက်ပွဲကို ဆံချည်တမျှင်တောင် နောက်မဆုတ်ဘဲ ဆက်တိုက်ရလိမ့်မယ်ဆိုတာ လေးစားစွာ တင်ပြအပ်ပါတယ်။

“အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ”
“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”
“ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းတက်ကြွပါစေ၊ ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်တည်တံ့ပါစေ”

မင်းခန့်နိုင်
အထွေထွေအတွင်းရေးမှူး
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ