“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

ရဟန်းရှင်လူ မိဘပြည်သူများ ခင်ဗျာ . . . 
တိုင်းပြည်ကို စစ်အာဏာသိမ်းထားတာ ၃ နှစ် တင်းတင်း ပြည့်ပါပြီ။ မိဘပြည်သူတို့ မှတ်မိကြသေးလားခင်ဗျာ။ အဲဒီနေ့ကဆိုရင် တတိုင်းပြည်လုံးက ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပြီးနောက် ကျနော်တို့ တိုင်းပြည်ကြီးလည်း အမှောင်စခန်းထဲကို လုံးဝကျရောက်ခဲ့ရတယ်။ အဲဒီနေ့ကစလို့ပဲ မိဘပြည်သူတို့၊ ကျနော်တို့ ဘဝတွေဟာ ကုန်းကောက်စရာမရှိအောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်။ အနာဂတ်တွေ ပျောက်ကွယ်ခံခဲ့ရတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံစနစ်အားလုံးဟာ ဘယ်တိုင်းပြည်နဲ့မှ မယှဥ်နိုင်အောင် တဟုန်ထိုး ချွတ်ခြုံကျခဲ့ရတယ်။ ဒါတွေအားလုံးကတော့ ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ် စစ်အာဏာရှင် လူတစု တိုင်းပြည်ရဲ့အာဏာကို မတရားသိမ်းယူခဲ့တဲ့ နေ့လေးတနေ့က စခဲ့တဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်ကို မတရားစစ်အာဏာသိမ်းထားတာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေးဟာလည်း သုံးနှစ်တင်းတင်း ပြည့်ပါပြီ။
 
မိဘပြည်သူတို့ ပြန်စဥ်းစားကြည့်လိုက်စမ်းပါ။ စစ်အာဏာသိမ်းခဲ့လို့ ကောင်းစားသွားခဲ့တဲ့ ပြည်သူတွေဆိုတာ ရှိပါ့မလား။ စစ်အာဏာသိမ်းခဲ့ပြီးကတည်းက ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရတဲ့အချိန် တခဏမျှလေးတောင် ရှိခဲ့ဖူးလို့လား။ ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ် စစ်ကောင်စီက သူတို့အကျိုးစီးပွား အခြေခံတခုတည်း အောက်ကနေ တိုင်းပြည်ရဲ့အာဏာကို မတရားသိမ်းယူခဲ့တယ်။ ဒီအာဏာယန္တရားကို လက်ဝယ်ပိုက်ပြီး အချိန်နာရီနဲ့အမျှ စစ်ရာဇဝတ်မှုတွေကို ပြောင်းပြောင်းတင်းတင်း ကျူးလွန်နေပါတယ်။ ကျား/မမရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး အပြစ်မဲ့ပြည်သူတွေကို လက်ရဲဇက်ရဲ သတ်ဖြတ်တယ်။ မုဒိမ်းပြုကျင့်တယ်။ သတ်ဖြတ်တာမှ ရက်ရက်စက်စက်ကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်နေကြတယ်။ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ အိုးအိမ်တွေကိုပါ ဗုံးကြဲဖျက်ဆီးတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်တာအပြင် လေကြောင်းကနေလည်း မြို့ရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ သာသနိကအဆောက်အဦးတွေဖြစ်တဲ့ ဘုရားစေတီတွေကိုပါ ပစ်ခတ်ဖျက်ဆီးနေပါတယ်။ ဒါတွေဟာ မိဘပြည်သူတို့ မကြားချင်မှအဆုံး နေ့စဉ်ကြားနေရတဲ့ နိစ္စဓူဝသတင်းတွေပါပဲ။ ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်ကောင်စီသာ တိုင်းပြည်ကို ဆက်ပြီးအုပ်ချုပ်ခွင့်ရနေရင် ပြည်သူတွေ ဘယ်လောက်များ သေကျေပျက်စီးအုံးမလဲ။

အာဏာသိမ်းစစ်ကောင်စီက တဖက်မှာ လူသတ်၊ မီးရှို့၊ မုဒိမ်းပြုကျင့်နေသလို တဖက်မှာလည်း စီးပွားရေး၊ လူမှုရေးအရ လူထုကြားထဲ ကျပ်တည်းခက်ခဲလာအောင် ဖန်တီးပါတယ်။ အခုဆိုရင် အခြေခံစားသောက်ကုန်စျေး တွေဟာအရင်ထက် အဆမတန် မြင့်တက်သွားသလို ကျပ်ငွေ နှစ်သောင်းတန် ထုတ်ပြီးကတည်းက ငွေကြေးဖောင်းပွမှုတွေကလည်း ပိုမိုများပြားလာပါတယ်။ စားဝတ်နေရေး အလွန်ကျပ်တည်းခက်ခဲလာပြီးနောက်မှာ မိဘပြည်သူတို့ ဘဝတွေ ဘယ်လိုရပ်တည် ရုန်းကန်းနေကြလဲရသလဲဆိုတာ မိဘပြည်သူတို့ အသိပါပဲ။ ဒါတင်မဟုတ်သေးပါဘူး။ စစ်အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးတွေ ဖြတ်တယ်၊ ရေဖြတ်တယ်၊ တဖက်မှာတော့အခွန်တွေကို  အဆမတန် တိုးကောက်တယ်။ ဒါတွေတင်မကပါဘူး။ အခုဆို ဘယ်တိုင်းပြည်မှာမှမရှိ၊ ဗမာပြည်မှာသာရှိတဲ့ စနစ်တခုဖြစ်တဲ့ အခြေခံစားသောက်ကုန်တွေကို တန်းစီးပြီး ဝယ်ယူရတယ်။ အကန့်အသတ်နဲ့ဝယ်၊ အကန့်အသတ်နဲ့ ထုတ်ယူရတဲ့ အခြေအနေပါ။ ဆန်တွေကို ဒေသကူး ရောင်းဝယ်ခွင့် ပိတ်ပစ်တယ်။ မော်တော်ယာဥ် ဓာတ်ဆီတွေအထိပါ အချိန်မြောက်မြားစွာ တန်းစီပြီး၊ စျေးကြီးပေး ဝယ်ယူနေရပါတယ်။ မိဘပြည်သူတို့ ကြားလို့မှကောင်းကြရဲ့လား။ ဒါတွေဟာ တခဏကြာ ဖြစ်တဲ့အဖြစ်ပျက်တွေမဟုတ်ဘဲ မိဘပြည်သူတို့ စစ်အာဏာသိမ်းပြီးကတည်းက ကိုယ်တိုင်တွေ့မြင်ခံစားနေရတာတွေပါပဲ။ စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဗမာပြည်သူတွေကို ပေးခဲ့တဲ့ ဒုက္ခဆိုတာ ယနေ့ထိတိုင် ပေးလို့မဝသေးပါဘူး။ သူ့အာဏာတည်မြဲရေးအတွက် ဗမာပြည်သူလူထုကို ဆက်လက်၍ ဖိနှိပ်ရက်စက်နေဦးမှာပါပဲ။

ဒီလိုဆိုတော့ မိဘပြည်သူတို့၊ ကျနော်တို့မှာ ရွေးချယ်စရာလမ်းအများကြီးမရှိပါဘူး။ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ပါပဲ။ အခုရှိနေတဲ့ အထွေထွေကျပ်တည်းခက်ခဲမှုတွေ၊ မိဘပြည်သူတို့ရဲ့ စိတ်နှလုံး မချမ်းမြေ့ရမှုတွေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရမှုတွေရဲ့ တရားခံအစစ်ဟာ ဟောဒီစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်သုံးစစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရားကြီး) ပဲ ဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင် အပါအဝင်ဖြစ်တဲ့ စစ်ဗျူရိုကရက် လူတန်းစားဟာ တိုင်းပြည်နဲ့ ပြည်သူကို ဖိနှိပ်ချင်တိုင်း ဖိနှိပ်ဖို့ သူ့စစ်ကောင်စီအစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေအဆောက်အအုံကို တည်ထောင်ထားတယ်။ ဒီအာဏာယန္တရားကြီးကို အကာအကွယ်ပြုဖို့အတွက် အခုလို လူသတ်၊ မီးရှို့နေတဲ့ ကြေးစားဖက်ဆစ်စစ်တပ်ကို မွေးမြူထားတယ်။ ဒီစစ်သုံးစစ်ဟာ နှစ်ပေါင်း ၆၀ တိုင်အောင် ဗမာပြည်မြေပေါ်မှာ အုတ်မြစ်ဆွဲနေသလို လွယ်လွယ်နဲ့ ဖြိုဖျက်လို့မရပါဘူး။ မိဘပြည်သူတို့ရဲ့ စုပေါင်းအားနဲ့သာလျှင် ဖြိုဖျက်လို့ရမှာပါ။ မိဘပြည်သူတို့တို့အနေနဲ့ ဒီစစ်သုံးစစ်ကို လူထုအားနဲ့ အင်တိုက်အားတိုက် ဖြိုဖျက်ချမှရပါလိမ့်မယ်။
 
ရဟန်းရှင်လူ မိဘပြည်သူများ ခင်ဗျာ . . .
အခုအချိန်ဟာ ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ရဲ့ အရှိုက်ကို ထိုးနှက်တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ လူထုကို ဖိနှိပ်ရက်စက်တဲ့ စစ်ဘီလူးတွေဟာ အခုအချိန်မှာ လူထုရဲ့တော်လှန်စစ်အရှိန်အဟုန်နဲ့အတူ သုံးနှစ်ပြည့်ကာလမှာ စတင်ပြီးစစ်ရှုံးစပြုနေပြီ။ ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဘီလူးတွေဟာ မတရားတဲ့ဘက်မှာရှိ‌နေသူ၊ လူထုနဲ့ဆန့်ကျင်ဘက်မှာရှိနေသူတွေ ဖြစ်တဲ့အတွက် မလွဲမသွေ ပြိုလဲပျက်စီးရမှာပါ။ အခုဆိုရင် စစ်ကောင်စီမှာ ထွက်ပြေးတဲ့တပ်တွေ၊ အစုအလိုက် အပြုံလိုက် လက်နက်ချတဲ့ တပ်တွေ၊ သေဆုံးတဲ့ တပ်သားတွေ ထောင်ကျော် သောင်းကျော်ရှိနေပြီ။ ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီး မိမိကျပ်တည်းခက်ခဲမှုအတွက် နည်းလမ်းပေါင်းစုံနဲ့တိုက်ပွဲဝင်ကြဖို့ အချိန်သင့်ပါပြီ။ ဒီနေ့ပွဲဟာ မင်းအောင်လှိုင်ပြုတ်ကြလို့၊ ရွေးကောက်ပွဲလုပ်လို့ မပြီးသွားပါဘူး။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာထောက်တိုင်ယူ တည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ် တခုလုံး ဗမာပြည်မြေပေါ်ကနေ ကင်းစင်မှသာလျှင် သာယာလှပတဲ့၊ လူမျိုးပေါင်းစုံကိုကိုယ်စားပြုတဲ့ ဗမာပြည်သစ်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။
 
ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တောင်ပေါ်မြေပြန့်က အဖိနှိပ်ခံ မိဘပြည်သူတို့နဲ့ တသွေးတည်းတသားတည်း ရပ်တည်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ။ ယခုနွေဦးတော်လှန်ရေး သုံးနှစ်ပြည့်မှာ မိဘပြည်သူတို့၊ ကျနော်တို့အနေနဲ့ တော်လှန်ရေးကို တဆင့်မြှင့်တင်ဖို့ လိုအပ်ပါမယ်။ ကျနော်တို့ကို ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည်ကမှဆင်းမကယ်ပါဘူး။ ကျနော်တို့မှာ ကျနော်တို့ ကိုယ်တိုင်ပဲ ရှိတာပါ။ အရင်နဲ့မတူတော့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွတ်တဲ့တပ်ပေါင်းစု စုဖွဲ့မှုနဲ့အတူ တောင်ပေါ်/မြေပြန့် ပြည်သူလူထုရဲ့ စုပေါင်းအားနဲ့ စစ်ရေးတိုက်ပွဲတွေ - လူထုတိုက်ပွဲတွေကို စနစ်တကျပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို ဗမာပြည်မြေပေါ်ကနေ အပြီးတိုင် မောင်းထုတ်ပစ်ရပါလိမ့်မယ်။ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်၊ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မှာ ကျနော်တို့အားလုံးရဲ့ လွတ်မြောက်ရေးအတွက် ဘုံရန်သူ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို ပြန်လမ်းမရှိအောင် တိုက်ထုတ်ပစ်ဖို့ ရဟန်းရှင်လူ မိဘပြည်သူအားလုံးကို တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ . . . ။

“စစ်သုံးစစ်ကို တိုက်ဖျက်ကြ၊ တပ်ပေါင်းစုကို တည်ဆောက်ကြ”

ဗကသများအဖွဲ့ချုပ်
#abfsu #gsc #လှုပ်ရှားမှု

ပန်ဖလက်အား လွတ်လပ်စွာ ပြန်လည်ဖြန့်ဝေနိုင်ပါသည်။

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ