ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဟောင်း ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်း ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

 
သဝဏ်လွှာအမှတ် - ၁/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် 
 
                          ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဒုတိယဥက္ကဌဟောင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး၏ ဒုတိယဥက္ကဌဟောင်း၊ ပညာ‌ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ သဘာပတိနှင့် ကိုယ်စားလှယ်အဖြစ် တာဝန်များထမ်းဆောင်ခဲ့သူ ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသဖြင့် ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်မှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါသည်။ 
 
                          ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်းသည် ၁၉၆၂ ဆဲဗင်းဂျူလိုင်အရေးတော်ပုံအတွင်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သည့် နောင်တော် ကျောင်းသားရဲဘော်တဦးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး တာဝန်ဝတ္တရားများကို ဘဝတလျှောက်လုံး နည်းလမ်းပေါင်းစုံဖြင့် ထမ်းရွက်ခဲ့သူ၊ ကျောင်းသားမျိုးဆက် အသီးသီးအား ကူညီထောက်ပံ့ခဲ့သူ၊ ဘဝ၏ နောက်ဆုံးသောအချိန်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရပ်တည်ချက် ခိုင်ခိုင်မြဲမြဲရှိခဲ့သူဖြစ်သည်။
 
                          ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်အနေဖြင့် ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်း၏ စွန့်လွှတ်ပေးဆပ်ကာ တာဝန်ထမ်းဆောင်ခဲ့မှုများနှင့် တိုက်ပွဲဝင်စိတ်ဓါတ်များကို အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်ပြီး မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကို တောင်တန်းမြေပြန့် ဒေသပေါင်းစုံရှိ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

❝မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့❞

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ