သူရဲကောင်းတွေရဲ့ သွေးခင်းတဲ့လမ်းအတိုင်း ဆက်လက်ချီတက်တိုက်ပွဲဝင်ကြ



ကြေညာချက်အမှတ် - ၃/ဗကသ/၂၀၂၂

ရက်စွဲ - ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်


နွေဦးတော်လှန်ရေးတွင် အသက်စွန့်ကာ တိုက်ပွဲဝင်သွားသည့် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး နှင့် ကိုအောင်သူရဇော် (ခ) ကိုသူရ တို့အား ဖက်ဆစ်တပ်က သေဒဏ်ချမှတ်ထားရာမှ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ ရက်နေ့၌ ကြေညာခဲ့သည်။ ယနေ့ကာလသည် အာဏာသိမ်းဖက်ဆစ်ဘီလူး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာရှင်လူတစုက ပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလဖြစ်သည်။ 


ပြည်သူလူထုနှင့် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်သူများအား ဖက်ဆစ်တပ်က ဖမ်းဆီးအကျဉ်းချခြင်း နှိပ်စက်သတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်နေသည့်အပေါ် ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး နှင့် ကိုအောင်သူရဇော် (ခ) ကိုသူရ တို့ အပါအဝင် စစ်ကြောရေး၊ အကျဉ်းထောင်၊ စစ်မြေပြင်၊ လမ်းမထက် အစရှိသည့် နေရာအသီးသီး၌ ပုံသဏ္ဍာန်မျိုးစုံဖြင့် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားကြသည့် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲဝင်သူရဲကောင်းများအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


ဤကာလတွင် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။  


“သူရဲကောင်းတွေရဲ့ သွေးခင်းတဲ့လမ်းအတိုင်း ဆက်လက်ချီတက်တိုက်ပွဲဝင်ကြ”

“ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”

 

ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ