၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၇/၂၀၂၁
ရက်စွဲ - ၂၂/၁၂/၂၀၂၁

                 ၁၉၃၀ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံဦးဆောင်သော အဖိနှိပ်ခံလူမျိုးပေါင်းစုံ တောင်သူလယ်သမားထုကြီးမှ ရရာလက်နက်ကိုင်စွဲ၍ နယ်ချဲ့အစိုးရကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့သည့် တောင်သူလယ်သမား အရေးတော်ပုံကြီးသည် ယနေ့ဆိုလျှင် ၉၁ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့အား ခေတ်အဆက်ဆက်က လွတ်လပ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီး၏ “တောင်သူလယ်သမားနေ့” အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

                 ခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့သော အုပ်စိုးသူအစိုးရအဆက်ဆက်အား ပြင်းပြင်းထန်ထန် တွန်းလှန်ဖြိုဖျက်ခဲ့သည့် အဖိနှိပ်ခံ တောင်သူလယ်သမားထုကြီးသည် ယခုနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၏ ပင်မအခန်းကဏ္ဍတွင် ပါဝင်နေသည်။ အုပ်စိုးသူအစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ် ဂုတ်သွေးစုပ် အမြတ်ထုတ်မှုကို ကြုံတွေ့ခံစားခဲ့ရသော တောင်သူလယ်သမားထုကြီးသည် ယနေ့အချိန်အထိ အထွေထွေအကျပ်အတည်းကို ဆိုးရွားစွာဖြင့် ရင်ဆိုင်ခံစားနေရသည်။ 

                 အဖိနှိပ်ခံတောင်သူလယ်သမားထု၏ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် အဖိနှိပ်ခံတောင်သူလယ်သမားထုကြီးနှင့် လက်တွဲကာ ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ၉၁ နှစ်ပြည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty