ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ
ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ
(၂၅ ဩဂုတ်၊ ၂၀၂၆)
ရက္ခိုင်မြောက်ပိုင်း၊ ကော့(ဇ)ဘဇားဒုက္ခသည်စခန်းကြီးနှင့်
နိုင်ငံအတွင်းအပြင် ရုန်းကန်နေထိုင်နေရတဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာလူထုတရပ်လုံး ကျန်းမာဘေးကင်းပါစေကြောင်း ဦးစွာဆန္ဒပြုလိုပါတယ်။ ဒီနေ့ဟာ ရိုဟင်ဂျာဂျီနိုဆိုက်ကို ပိုပြီး အမှတ်ရကြရမယ့် နေ့တနေ့ဖြစ်ပါတယ်။
သမိုင်းတလျှောက်မှာ ရိုဟင်ဂျာတွေအနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာနဲ့ ဥပဒေရေးရာလိုကိစ္စရပ်တွေလို ဥပဒေဘောင်တွင်း ဖိနှိပ်မှုများကစလို့ နေ့စဉ်လူနေမှုဘဝမှာပါ ခွဲခြားဖိနှိပ်ခံရတာတွေ၊ ကန့်သတ်ခံရတာတွေ၊ လူအဖြစ်က လျှော့ချစဉ်းစားခံရတာတွေအထိ ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖိနှိပ်မှုတွေဟာ နောက်ဆုံးမှာတော့ လူသားသမိုင်းရဲ့ အကျည်းတန်ဆုံးဖြစ်ရပ်ဖြစ်တဲ့ ဂျီနိုဆိုက်လူမျိုးသုဉ်းသတ်ပွဲကြီးအထိ ရောက်ရှိသွားခဲ့ပါတယ်။ မိခင်ရှေ့မှာတင် နို့စို့အရွယ်ကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။ ဒါတွေဟာ အခုချိန်ထိ မရပ်တန့်နေသေးပါ။
-
အရင် ၂၀၂၁ အလွန် ဒီလိုနေ့မှာဆိုရင် ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေက ရိုဟင်ဂျာလူထုကို စာနာကြ၊ တောင်းပန်ကြတဲ့ စကားသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလို အဖိနှိပ်ခံလူနည်းစုနဲ့အတူ ရပ်တည်လိုတဲ့ စိတ်ဓာတ်တွေကို ဆက်လက်သယ်ဆောင်ရင်း ရိုဟင်ဂျာလူထုနဲ့အတူ ဆက်လက်ရပ်တည်ဖို့၊ နိုင်တဲ့နေရာက ကူညီကြဖို့၊ မတရားဖြစ်ရပ်တွေကို လက်ပိုက်ကြည့်မနေကြဖို့၊ နှုတ်ဆိတ်မနေဖို့ တိုက်တွန်းချင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ရိုဟင်ဂျာတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေးနဲ့ လိင်ကို လက်နက်သဖွယ် အသုံးချခံရရင်း ဖိနှိပ်မှုများစွာကို ဆိုးဆိုးရွားရွား ရောယှက်ခံစားနေရတဲ့ ကမ္ဘာပေါ်မှာ လူအများဆုံးသော နိုင်ငံမဲ့အဖြစ် နေထိုင်နေရသူတွေ ဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။
-
ရိုဟင်ဂျာတွေအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်လယ်ကနေ စက်မှုလုပ်ငန်းတွေမှာ လွတ်လွတ်လပ်လပ် ပါဝင်စီမံနိုင်ပြီး တခြားလူမျိုးတွေလိုပဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတဲ့အချိန်ထိ ဆက်လက်ချီတက်နိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီ့အတွက်ကိုလည်း နိုင်ငံရေးအင်အားစုအသီးသီးနဲ့ လူမျိုးပေါင်းစုံလူထုက ဝိုင်းဝန်းကူညီပေးကြရမှာ ဖြစ်ပါတယ်။ အခုလို စစ်အာဏာရှင်ကိုအမြစ်ဖြတ် ဒီမိုကရေစီခရီးလမ်းကို ချီတက်နေကြတဲ့ ကာလမှာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဘယ်လိုမတရားဖြစ်ရပ်မျိုး၊ ဖိနှိပ်မှုမျိုးတွေကိုမဆို ဝိုင်းဝန်းဆန့်ကျင်တွန်းလှန်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ လက်ရှိနဲ့မတူတဲ့၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်မျိုးကို ပိုင်ဆိုင်နိုင်ကြရမှာဖြစ်တယ်။ တော်လှန်ရေးအကျိုးစီးပွားဟာ လူထုအကျိုးစီးပွားပဲ ဖြစ်ပါတယ်။ လူထုနဲ့သက်ဆိုင်တဲ့ ဘယ်ပြဿနာကမှ နောက်ချန်ထားခံရဖို့ မသင့်ပါ။
ဂျီနိုဆိုက်ကို အဓိကကျုးလွန်ခဲ့တဲ့ မြန်မာစစ်အုပ်စုကတော့ အခုချိန်မှာ လေကြောင်းကိုပဲ အားပြုနေရတာဖြစ်သလို ရက္ခိုင်ဒေသမှာ သူတို့အနေနဲ့ စက္ကူကျား အဆင့်ကို ရောက်နေပါပြီ။ တဖက်မှာ အာရက္ခတပ်တော်ကလည်း တနေ့ထက်တနေ့ အာရက္ခအိပ်မက်နဲ့ နီးလာပါပြီ။
ရက္ခိုင်ဒေသမှာ ရာစုနှစ်ချီပျောက်ဆုံးနေတဲ့ လူ့အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ လူသားဆန်မှုတွေ၊ အောင်မြင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးတွေနဲ့ ရိုဟင်ဂျာလူထုအပါအဝင် ရက္ခိုင်ပြည်သူပြည်သား အားလုံးရဲ့ ကောင်းကျိုးချမ်းသာမှုကို အာရက္ခအိပ်မက်က ဖန်တီးပေးနိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ်။
-
အဆုံးသတ်တနေ့မှာ ရိုဟင်ဂျာအပါအဝင် အဖိနှိပ်ခံလူမျိုးစုအားလုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ လွတ်လပ်တဲ့ဒေသမှာ လွတ်လပ်တဲ့ လူမျိုးအနေနဲ့ နေနိုင်ဖို့နဲ့ အသွင်ကူးပြောင်းရေး၊ တရားမျှတမှုရှာဖွေရေး လုပ်ငန်းစဉ်မှာ အားလုံးနဲ့တန်းတူပါဝင်ပြီး တရားမျှတမှုကို အတူတကွ ရှာဖွေနိုင်ဖို့ လိုပါတယ်။ ဒါမှသာ တကယ်လွတ်မြောက်တဲ့ လူ့ဘောင်ကို ရောက်မှာပါ။ အားလုံးလွတ်မြောက်မှ တကယ်လွတ်မြောက်မှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာလူထု လွတ်မြောက်ပါစေ...
တိုးတက်သောမွတ်စ်လင်မ်အစည်းအရုံး - PMYA
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မြန်မာ့ဒီမိုကရေစီကာကွယ်မြှင့်တင်ရေးလှုပ်ရှားမှု - DMD
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု - BMC