ဗကသရဲဘော် ကိုမြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်
ကြေညာချက်အမှတ် - ၁၆/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂
ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် အသက် ၁၆ နှစ်အရွယ် ရဲဘော်ကိုမြင့်မြတ်ဦးသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ရက်နေ့တွင် မတရား လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဝမ်းနည်းစွာ ကြားသိရပါသည်။
တချိန်တည်းမှာပင် ပုလဲမြို့နယ်အတွင်း ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီဝင် အမျိုးသမီးရဲဘော်နှင့် ပုလဲမြိုနယ်ကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူးအား ပကဖအဖွဲ့ဝင်များက ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ပုလဲမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းအချို့မှ ပညာရေးဘုတ်အဖွဲ့များနှင့် ပသုံးလုံးအဖွဲ့တို့မှ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ရပ်တည်ဖွဲ့စည်းခွင့်ကို တားမြစ်ခြင်းနှင့် မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းအချို့မှ တာဝန်ရှိသူများက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်များကို ကန့်သတ်ပိတ်ပင်နေခြင်း စသည့် ဖြစ်စဉ်များကိုလည်း တပြိုင်နက်တည်း ကြုံတွေ့နေရပါသည်။ ဤဖြစ်စဉ်များသည် ကျောင်းသားထုကြီးအား ရန်သူသဖွယ် သဘောထားတိုက်ခိုက်နေသည့် လုပ်ရပ်များဖြစ်ပြီး ကျောင်းသားထု၏ လုံခြုံရေးမှာ အလွန်စိုးရိမ်နေရသည့် အခြေအနေဖြစ်လာခဲ့သည်။
ကျောင်းသားသမဂ္ဂများ၏ လွတ်လပ်စွာဖွဲ့စည်း ရပ်တည်လှုပ်ရှားခွင့်၊ စည်းရုံးခွင့်များအား မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်းကမှ ပိတ်ပင်တားမြစ်ခွင့် မရှိပါ။ ယခုအခြေအနေမှာမူ အာဏာရှင်ဆန်ဆန် ဖိနှိပ်သည့်စည်းကမ်းတို့ဖြင့် ပိတ်ပင်တားဆီးရုံမကဘဲ အဖွဲ့အစည်းအချို့က ကျောင်းသားသမဂ္ဂရဲဘော်များအား ရန်သူသဖွယ် ရှုမြင်ကာ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်နေသည့် အခြေအနေသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေဖြင့် အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ တိကျမှန်ကန်စွာ ချက်ချင်းဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရအား အလေးအနက် တောင်းဆိုသည်။ ရဲဘော် ကိုမြင့်မြတ်ဦး မတရားသတ်ဖြတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန်နှင့် ထိုဒေသတွင်း တရားဥပဒေလုပ်ဆောင်ချက်များကို သေချာစွာ စီစစ်ဆောင်ရွက်ပေးရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရအား တောင်းဆိုလိုက်သည်။
ဗကသများအဖွဲ့ချုပ်အနေဖြင့်လည်း ဖြစ်စဉ်အမှန်ပေါ်ပေါက်ပြီး တရားမျှတမှုရရှိသည်အထိ၊ ကျောင်းသားသမဂ္ဂအား ရန်သူသဖွယ် သဘောထားတိုက်ခိုက်ခြင်းများ ပပျောက်သည်အထိ ကျောင်းသားထုနှင့် အဖိနှိပ်ခံပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်။
“စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖြတ်ကြ”
“လူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ဆန့်ကျင်ကြ”
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်