“အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့”


ရဟန်းရှင်လူ မိဘပြည်သူအပေါင်းတို့ ခင်ဗျာ ...

ယနေ့တိုင် တိုင်းပြည်၏အာဏာကို မင်းအောင်လှိုင်နဲ့ အပေါင်းပါတစု ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တာ ၃ နှစ်နီးပါးရှိပါတော့မယ်။

စစ်အာဏာသိမ်းပြီးကတည်းက ယခုဆိုရင် ကျွနော်တို့ တိုင်းပြည်ဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေပြီး စီးပွားရေး၊ လူမှုရေး၊ ပညာရေးဘဝတွေဟာ ဘယ်နိုင်ငံနဲ့မှ နှိုင်းယှဥ်လို့မရအောင် ကျဆင်းနေခဲ့တာ မိဘပြည်သူတို့ အသိပါပဲ။ ကျပ်ငွေတန်ဖိုးဆိုတာဟာလဲ စက္ကူစုတ်သာသာ အခြေအနေမှာ မိဘပြည်သူတို့ရဲ့ဘဝတွေဟာ တနေ့ထက်တနေ့ ပိုပြီးခက်ခဲဆင်းရဲနေပြီဖြစ်တယ်။ ဒီလိုအခြေအနေပေါင်းစုံတွေဟာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာပဲ အရှိန်အဟုန်နဲ့ ဖြစ်ပျက်နေတာဖြစ်ပါတယ်။

မိဘပြည်သူတို့ ပြန်စဥ်းစားကြည့်ပါခင်ဗျာ စစ်အာဏာသိမ်းပြီးကတည်းက မိဘပြည်သူတို့ အရာရာမကြောင့်မကျဘဲ ပျော်ရွှင်ခဲ့ရတယ်ဆိုတဲ့ရက် ရှိခဲ့ပါသလား။ စစ်အာဏာသိမ်းပြီးကတည်းက ဗမာပြည်မြေပုံရဲ့ ၅၀ ရာခိုင်နှုန်းအထက်မှာရှိကြတဲ့ ကျေးလက်ဒေသတွေနဲ့ လူမျိုးစုတောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတဲ့ ကိုယ့်လယ်ယာကိုယ်လုပ်ပြီး ကိုယ့်ထမင်းကိုယ်ရှာစားနေကြတဲ့ အပြစ်မဲ့ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က နေတိုင်းလိုလို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်နေတယ်။ ကျားမ မရွေး၊ လူမျိုးမရွေး၊ ကလေးသူငယ်ပါမကျန် နေ့စဉ်နဲ့အမျှ အကြမ်းဖက်သတ်ဖြတ်၊ မုဒိမ်းပြုကျင့်နေပါတယ်။ ဒီလောက်တင်မကဘဲ မရှိမဲ့ရှိမဲ့ ဆောက်လုပ်ထားကြတဲ့ အိုးအိမ်တွေ၊ လယ်ယာသုံးကိရိယာနဲ့ မျိုးစေ့သီးနှံတွေအပြင် စာသင်ကျောင်းခန်းတွေ၊ ဘုရားကျောင်းကန်တွေပါမကျန် အကြမ်းဖက်ဖျက်ဆီးတာ မီးရှို့တာတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြပါတယ်။

ဒါတွေဟာ အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာဖြစ်သလို သူတို့အာဏာတည်တံ့ဖို့အတွက် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး နေ့စဥ်နဲ့အမျှ စစ်ရာဝတ်မှုတွေကို ကျူးလွန်နေကြအုံးမှာဖြစ်တယ်။ ဒီလိုနဲ့ပဲ စစ်အာဏာသိမ်းပြီးကတည်းက မီးရှို့ခံရတဲ့ အိမ်ပေါင်း ၇သောင်းကျော်နဲ့ သေဆုံးခဲ့ရတဲ့အပြစ်မဲ့ပြည်သူ စုစုပေါင်း လေးထောင့်တစ်ရာကျော်နေပြီဖြစ်သလို စစ်ဘေး ဒုက္ခသည်တွေဟာလည်း ၁၇သိန်းကျော်ခဲ့ပါပြီ။ ဒီအာဏာသိမ်းမှုရဲ့ စနစ်ဆိုးကွင်းဆက်ကြီးနဲ့ လွတ်ကင်းတယ်ဆိုတဲ့ မိဘပြည်သူတွေရှိမယ် မထင်ပါဘူး။ အနည်းနဲ့အများ ဒီဒဏ်ကို ခံနေကြရပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ယခုဆိုလျှင် မိဘပြည်သူတို့ရဲ့ အထွေထွေစားသောက်ကုန် စျေးနှုန်းတွေ အဆမတန်မြင့်တက်လာခဲ့တယ်။ တပြိုင်နက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ဟာ အကျိုးစီးပွားအတွက် ကျပ်နှစ်သောင်းတန်တွေ ထုတ်ပြီးတဲ့နောက်မှာ ငွေကြေးဖောင်းပွမှု ပိုများလာပြီး ကုန်စျေးနှုန်းတွေဟာ အရင်ထက် ၆၀ ရာခိုင်နှုန်းလောက် မြင့်တက်သွားခဲ့ပါတယ်။ မိဘပြည်သူတို့ရဲ့ စားဝတ်နေရေးဟာ အရင်နဲ့မတူအောင် ကျပ်တည်းလာသလို ထမင်းနပ်မမှန်တော့တဲ့ မိသားစုဘဝတွေ ပိုမိုများပြားလာခဲ့တယ်။ နေ့အတူနဲ့မျှကျဆင်းမှုမရှိပဲ၊ တဟုန်ထိုးတက်နေတဲ့ စားသောက်ကုန်စျေးနှုန်းတွေဟာ မိဘပြည်သူတို့အတွက် ရောင်းသူမှာလည်း ဒီစျေးနဲ့ပြန်မရင်းနိုင်သလို ဝယ်သူမှာလည်း ဒီစျေးနဲ့မဝယ်နိုင်တော့ပါဘူး။ အခြေခံစားသောက်ကုန်တွေနဲ့အတူပဲ တခြားကုန်စျေးနှုန်းတွေလည်း မြင့်တက်လာပြီး တနေ့ထက်တနေ့ ထမင်းတနပ်ချက်ရေးအတွက်ကို ပူပင်နေရတာ မိဘပြည်သူတို့ ကိုယ်တွေ့ပါပဲ။

ကုန်စျေးနှုန်းတွေ မြင့်တက်နေပေမယ့်လည်း ဝန်ထမ်းတယောက်ရဲ့ လုပ်ခလစာကတော့ ငွေကြေးဖောင်းပွမှုကြောင့် အရင်ပုံမှန်ထက်တောင် နည်းပါးလာပါသေးတယ်။ ဒီလိုအခြေအနေမှာ မိဘပြည်သူတို့ဘဝတွေ ဘယ်လိုဆက်ရပ်တည်ကြမလဲ။ တချိန်တည်းမှာ အာဏာသိမ်းစစ်တပ်ဟာ သက်သာစျေးနဲ့ဆိုပြီး အခြေခံစားသောက်ကုန်တွေကို အကန့်အသတ်လိုက် မဝရေစာတန်းစီးပြီး ထုတ်ယူခိုင်းကြတယ်။ ဆန်တွေကို ဒေသကူးပြီး ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်တယ်။ ဒီလိုမျိုး လူထုတရပ်လုံး ငတ်ပြတ်ကျပ်တည်းလာနေချိန် အာဏာသိမ်းစစ်တပ်နဲ့အတူ အပေါင်းအပါများက လူထုအပေါ် အမြတ်ထုတ်ရင်း ချမ်းသာကြွယ်ဝနေကြဆဲဖြစ်တယ်။

မိဘပြည်သူများခင်ဗျာ ...
တရားခံဘယ်သူလဲဆိုတာ ရဲရဲဝံဝံမေးလိုက်ကြစမ်းပါ။ မိဘပြည်သူတို့ရဲ့ဘဝတွေ စိတ်ရောကိုယ်ပါ ခက်ခဲဆင်းရဲအောင် ပင်ပန်းကျပ်တည်းအောင်လုပ်တဲ့ တရားခံဟာ ဘယ်သူပါလဲ။ မိသားစုဘဝတွေရဲ့ အထွေထွေကျပ်တည်း ခက်ခဲမှုတွေဟာ လုပ်ခလစာမကောင်းတဲ့ မိသားစုဝင်တယောက်ကြောင့်မဟုတ်ပါဘူး။ စျေးတင်ရောင်းရတဲ့ ကုန်စျေးသည်တွေကြောင့်လည်း မဟုတ်ဘူး။ ဒါတွေအားလုံးရဲ့ တရားခံဟာ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ ဒီအာဏာသိမ်းစစ်တပ်ရဲ့ ရေသောက်မြစ်တွေဖြစ်တဲ့ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားဆိုတဲ့ (စစ်သုံးစစ်) တို့ကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို လူထုအားနဲ့ချေမှုန်းကြမှာလား။ မိဘပြည်သူတို့ ဒီအကျပ်အတည်း အခက်အခဲကြီးအောက်မှာ ငြိမ်ခံနေကြတော့မှာလား။

ကျနော်တို့ဘဝတွေဟာ ဒီစစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အောက်မှာ ခေါင်းငုံခံလာခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ကျနော်တို့မိဘပြည်သူတွေရဲ့ ဘဝတွေဟာ ဒီစစ်အာဏာရှင်စနစ် (စစ်သုံးစစ်) မရှိမှသာလျှင် သာယာလှပမယ်ဆိုတာ မိဘပြည်သူတို့အသိပါပဲ။ ဒီတော့ မိဘပြည်သူတို့အနေနဲ့ ဒီအကျပ်အတည်းအောက်က လွတ်မြောက်ဖို့အတွက် တဖန်ပြန်လည်ပြီး အုံကြွစုရုံးရပါမယ်။ လမ်းမတွေကို ပြန်လည်သိမ်းပိုက်ပြီး မိဘပြည်သူတို့ရဲ့ စားဝတ်နေရေးအကျပ်အတည်း၊ အထွေထွေအကျပ်အတည်းတွေအတွက် တောင်းဆိုတိုက်ပွဲဝင်ရမယ်။ ဒီနိုင်ငံမှာနေဖို့ နှစ်နည်းပဲရှိတယ်။ မိဘပြည်သူတို့ဟာ ဒီဖိနှိပ်ကျပ်တည်းမှုကြီးကို တသက်လုံးခါးစီးခံရင်း နေမလား ဒါမှမဟုတ် ဒီအကျပ်အတည်းအောက်က လွတ်မြောက်အောင် တိုက်ပွဲဝင်ရင်း လှပတဲ့အနာဂတ်သစ်တွေကို တည်ဆောက်ကြမလား။ မိဘပြည်သူတို့ ရွေးချယ်ကြရမှာပါ။ ဒီစစ်သုံးစစ်ဟာ လူထုတရပ်လုံး အုံကြွလာမှာကို ခါးခါးသီးသီးကြောက်ကြပါတယ်။

တဖက်က လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေက စစ်တပ်ကို လက်နက်ကိုင်တိုက်နေကြသလို တဖက်မှာလည်း လူထုအုံကြွလှုပ်ရှားမှုတွေနဲ့ တွန်းလှန်ရပါမယ်။ ဒီနှစ်ခုပေါင်းစပ်နိုင်မှသာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို မြေလှန်အမြစ်ဖြတ်နိုင်မယ်။ ဒီနေ့ကပွဲဟာ မင်းအောင်လှိုင်ပြုတ်ကျရုံလောက်နဲ့ မပြီးဆုံးပါဘူး။ စစ်သုံးစစ်ကို ဒီမြေပေါ်ကနေ မိဘပြည်သူတို့စုပေါင်းအားနဲ့ ကုန်စင်အောင် တိုက်ထုတ်ပစ်ဖို့လိုပါလိမ့်မယ်။ ဒီလိုအခြေအနေအောက်မှာ မိဘပြည်သူတို့ဟာ စစ်သုံးစစ်ကိုရတဲ့နည်းနဲ့ ဆန့်ကျင်ကြရပါမယ်။ စစ်တပ်ထုတ်ကုန်ကို ဆက်လက်သပိတ်မှောက်ရမှာဖြစ်သလို မိမိတို့အကျပ်အတည်းအတွက်ကိုလည်း တောင်းဆိုတိုက်ပွဲဝင်ကြရမယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ ကိုယ့်ဒူးကိုယ်ချွန်ပြီး တိုက်ပွဲဝင်ကြရလိမ့်မယ်။ ကျနော်တို့မှာ အားကိုးစရာ ဘယ်သူ့မှမရှိပါဘူး။ ကယ်တင်ရှင်ဆိုတာလည်း မရှိပါဘူး။ ပြည်သူမှာ ပြည်သူပဲ ရှိပါတယ်။

ကျနော်တို့ ကျောင်းသားထုဟာ တောင်ပေါ်မြေပြန့်က အဖိနှိပ်ခံ မိဘပြည်သူနဲ့အတူ တသွေးတည်းတသားတည်းရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ မိဘပြည်သူတို့ဘဝ လွတ်မြောက်ရေးအတွက် အထွေထွေအကျပ်အတည်းဖြေရှင်းရေးကို ဦးတည်ပြီး စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ လူမှုဘဝ သက်သာချောင်ချိဖို့ ကိုယ်လုပ်သလောက် ကိုယ်စားရဖို့အတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို တောင်ပေါ်မြေပြန် ဒေသစုံက ရဟန်းရှင်လူ မိဘပြည်သူတို့ရဲ့ စုပေါင်းအားနဲ့ အမြစ်ပြတ်သုတ်သင် ရှင်လင်းပစ်ကြရအောင်လားခင်ဗျာ ...။

မူရင်းဖိုင်အား အောက်ပါလင့်ခ်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာ ဖြန်ဝေနိုင်ပါသည်။
To Download - https://shorturl.at/lrMP2

ဗကသများအဖွဲ့ချုပ် မှ ဖြန့်ဝေသည်။

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ