ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၆ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁/ဗကသ/၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ် မေလ ၈ ရက်။

ယနေ့ ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း ၈၆ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။ ဗကသများအဖွဲ့ချုပ်သည် ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှင်ခေတ်မှသည် ယခု စစ်အာဏာသိမ်း ဖက်ဆစ်အစိုးရ လက်ထက်အထိ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး အစရှိသည့် တိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။ ယနေ့ကာလသည် အာဏာသိမ်း ဖက်ဆစ်ဘီလူး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အာဏာရှင်လူတစုက ပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလ ဖြစ်သည်။

ဤကာလတွင် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

“တောင်ပေါ်/မြေပြန့် ညီညွတ်ကြ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ”
“ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်”
 
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ABFSU_1936_2022

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်