ရက္ခိုင်ပြည် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချခြင်း



ရက္ခိုင်ပြည် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချခြင်း

ရက်စွဲ - ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ခုနှစ် တွင် ကျောက်တော်မြို့၊ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ပတ်ဝန်းကျင်တို့အား ဖက်ဆစ် စစ်အုပ်စုမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အာရက္ခပြည်သူ အနည်းဆုံး ၅၀ ဦးသေဆုံးကာ ၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြားသိရသဖြင့် လွန်စွာ ဝမ်းနည်းခံပြင်းမိပါသည်။ အသက်ဆုံးရှုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

တပြည်လုံးအနှံ့ လူမျိုးပေါင်းစုံ အဖိနှိပ်ခံ ပြည်သူလူထု၏ ဆန့်ကျင်တော်လှန်မှုနှင့် ရင်ဆိုင်နေရ‌သော ဖက်ဆစ်စစ်အုပ်စုသည် ရက္ခိုင်ပြည်ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပါသည်။ ယခုဗုံးကြဲတိုက်ခိုက်မှုသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ဖက်ဆစ်စစ်အုပ်စုအနေဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ ( International Humanitarian Law - IHL)ကို ချိုးဖောက်ပြီး နောက်ထပ် စစ်ရာဇဝတ်မှုတခုကို ပြောင်ပြောင်တင်းတင်း ထပ်မံကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။  အာရက္ခပြည်သူလူထုသည် ဖက်ဆစ်စစ်အုပ်စု၏  လက်နက်ကိုင် အကြမ်းဖက်မှုများနှင့်အတူ အတင်းအကြပ် နေရပ်စွန့်ခွာရမှုများ၊ သတင်းအချက်အလက် အမှောင်ချမှုများ၊ ဖြတ်လေးဖြတ် ပိတ်ဆို့ထားမှုများ၊ ကုန်ဈေးနှုန်း မြင့်တက်မှုများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ရင်ဆိုင်နေကြရသည်။ ဖက်ဆစ်စစ်အုပ်စု၏ တစိုက်မတ်မတ် ဖိနှိပ်မှုဒဏ်ကို လူမျိုးပေါင်းစုံ အာရက္ခပြည်သူပြည်သားတို့သည် ဆယ်စုနှစ်များစွာ ခံစားလာခဲ့ရပြီးဖြစ်သည်။ 

ဖက်ဆစ်စစ်အုပ်စုသည် ရက္ခိုင်ပြည်သူပြည်သားများအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် လူမဆန် ရက်စက်ကြမ်းကြုတ်လွန်းလှသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုများ၊ စစ်အင်အား အလုံးအရင်းဖြင့် မြို့ရွာများကို မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အသုံးချမှုများ စသည့် အကြမ်းဖက်မှုများအား နှစ်ပေါင်းများစွာ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုအသိုင်းအဝိုင်းကို ဖျက်ဆီးသည့် လုပ်ရပ်များမှာ မည်သည့် နိုင်ငံရေးရည်ရွယ်ချက်၊ မည်သည့် စစ်ရေးအကြောင်းပြချက်နှင့်မျှ လျော်ကန်ခြင်း မရှိပါ။ ပြည်သူများ အသက်မွေးဝမ်းကြောင်းပြုရာ လူနေ ထူထပ်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူထုအား အငြှိုးထား စော်ကားဖိနှိပ်ခြင်းပင်ဖြစ်သည်။ ယင်းလုပ်ရပ်များအားလုံးကို ကျွန်ုပ်တို့ အဖွဲ့အစည်းများအနေဖြင့် တညီတညွတ်တည်း ဆန့်ကျင် ရှုတ်ချ ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။

ထို့အပြင် ဖက်ဆစ်စစ်အုပ်စုက ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အဓိကလိုအပ်သည့် လေယာဉ်ဆီ ရရှိမှုကို ဖြတ်တောက်နိုင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊  အီးယူနှင့် သက်ဆိုင်ရာနိုင်ငံအစိုးရများအနေဖြင့်  ချက်ချင်းအရေးယူဆောင်ရွက်ကြရန် ထပ်မံ တိုက်တွန်းတောင်းဆိုသည်။  အထူးသဖြင့် ဖက်ဆစ်စစ်အုပ်စုထံ လေယာဉ်ဆီ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း၊ ရေကြောင်းအာမခံ ဝန်ဆောင်မှုပေးခြင်းနှင့် ငွေကြေးအထောက်အပံ့ပေးခြင်းများ ပြုလုပ်နေသည့် နိုင်ငံတကာ ကုမ္ပဏီများကိုရပ်တန့်စေပြီး  ထိရောက်သည့် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချက်ချင်း  ချမှတ်ဆောင်ရွက်ရန် ကျွန်ုပ်တို့ ထပ်မံ တောင်းဆိုလိုက်သည်။

စစ်အာဏာရှင်စနစ်အောက် ဖိနှိပ်ခံနေရသော အာရက္ခလူထုနှင့်တကွ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးနှင့်အတူ ကျွန်ုပ်တို့ တသားတည်း ရပ်တည်သည်။ လူမျိုးတမျိုး၏ လွတ်မြောက်ရေးသည် အခြားအဖိနှိပ်ခံလူမျိုးများ၏ လွတ်မြောက်ရေးနှင့် ဆက်စပ်နေသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။ အပြန်အလှန်သွေးစည်းညီညွတ်မှုနှင့် စုပေါင်းတော်လှန်မှုဖြင့်သာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်မည်ဖြစ်သည်။  ကျွန်ုပ်တို့အနေဖြင့်လည်း စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ လူထုလွတ်မြောက်ရေးတိုက်ပွဲတွင် အဆုံးတိုင် ဆက်လက် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု လေးလေးနက်နက် သန္နိဌာန်ချ ကတိပြုအပ်ပါသည်။

အာရက္ခပြည်သူလူထုနဲ့အတူ ရပ်တည်ကြ။ 

လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ကြ။

ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ။

ဤထုတ်ပြန်ချက်ကို အောက်ပါအဖွဲ့အစည်းများမှ ပူးတွဲထုတ်ပြန်ပါသည်။

1. ကရင်နီပြည်ကျောင်းသားများသမဂ္ဂ - KSSU

2. ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC

3. ကျောင်းသားအင်အားစုများကွန်ယက် - NSF

4. စစ်ငြိမ်းပန်းဖောင်ဒေးရှင်း

5. စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC

6. စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု - AJMM

7. တိုးတက်သောဂေါ်ရခါးလူငယ်များကွန်ယက် - PGYN

8. တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA

9. ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

10. ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ဗမသ)

11. မြိတ်ခရိုင်နိုင်ငံရေးအင်အားစု

12. မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ - MMMCC

13. မြန်မာမွတ်စလင်အစည်းအရုံး - BMA

14. ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

15. ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့ - Y4B

16. လီဆူလူငယ်အစည်းအရုံး - LYC

17. လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS

18. လူ့ဘောင်သစ်လူငယ် - YNS

19. သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု

20. အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး - အကလ(ဗဟို)

21. အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB

22. အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC)

23. Defend Myanmar Democracy - DMD

24. Burma Human Rights Network

25. Sisters2Sisters - S2S

26. Owl Community

27. KyimyindaingNetwork(KMD-18)

28. MayangoneDemocraticFront-MDF

29. LinnYoungNiYouthOrganization-LYNYO

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ