ရေဘေး၊ ဖက်ဆစ် ဗုံးဒဏ်နဲ့ ဖြတ်လေးဖြတ်ကြားက အညာလူထု
ရေဘေး၊ ဖက်ဆစ် ဗုံးဒဏ်နဲ့ ဖြတ်လေးဖြတ်ကြားက အညာလူထု
နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေတွေ ဖောက်ချတာကြောင့် နေရာတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။ အဲဒီအထဲကမှ အဆိုးဆုံးကတော့ အညာဒေသ ဖြစ်ပါတယ်။ ဩဂုတ်လ အစောပိုင်းကစပြီး အညာဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆည်တွေမှာ ရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာတော့ စစ်ကော်မရှင်က ပြည်သူတွေကို ကြိုတင်အသိပေးတာ မရှိဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်ကို ဖောက်ချလိုက်တာကြောင့် ဒေသခံတွေ အနေနဲ့ ကြိုတင်ပြင်ဆင်ချိန် မရဘဲ ရေဘေးသင့်ခဲ့ကြရပါတယ်။
အဲဒီလို ကြိုတင်အသိပေးတာ မရှိဘဲ ဆည်ဖောက်ချလိုက်တာကြောင့် ဆည်အောက်ဘက်က မြို့နယ်တွေဖြစ်တဲ့ ကောလင်း၊ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ အရာတော်၊ ရေဦး၊ မြင်းမူ၊ စစ်ကိုင်း စတဲ့ မြို့နယ်တွေဟာ ချက်ချင်းဆိုသလို ရေဘေးသင့်ခဲ့ကြတာ ဖြစ်ပါတယ်။
အညာဒေသက မြို့နယ်တော်တော်များများမှာ အဲဒီလို ရေဘေးသင့်နေကြပေမဲ့ စစ်ကော်မရှင် ကတော့ အညာကို ပိုဖိနှိပ်ဖို့ ဆက်တိုက်ကြိုးစားနေပါတယ်။ အညာရေဘေးကို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက လာရောက်ကူညီကယ်ဆယ်သူတွေကို စစ်အစိုးရက ဖြတ်သန်းသွားလာခွင့် မပေးပါဘူး။ အညာဘက်ကို လာတဲ့ အလှူရှင်နဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လမ်းတဝက်ကနေ တားဆီးပြီး ပြန်လွှတ်နေပါတယ်။
ဩဂုတ်လ ၁၀ ရက်နေ့တုန်းက မန္တလေးမြို့ကနေ အညာဘက်ကို သွားရောက်လှူဒါန်းမယ့် အလှူရှင်နဲ့ ကူညီကယ်ဆယ်ရေးသမားတွေကို စစ်ကောင်စီရဲ့ စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့် မပေးဘဲ တားဆီးခဲ့ပါတယ်။ အဲဒီလိုပဲ ရန်ကုန်ကနေ ဝက်လက်မြို့နယ်ကို လာရောက်လှူဒါန်းမယ့် အလှူရှင်တွေကိုလည်း စစ်ကော်မရှင်ဘက်က ရွှေဘိုနဲ့ မုံရွာမြို့အရောက်မှာ အကြောင်းမဲ့ တားဆီးခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးအစပ်က စစ်ဆေးရေးဂိတ်တွေဟာ ရေဘေးအတွက် အလှူရှင်တွေကို ဖြတ်သန်းသွားလာခွင့် မပြုတာအပြင် ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ် ဆေးဝါးနဲ့ အသုံးအဆောင်တွေကိုပါ သိမ်းဆည်းတာ၊ ဖြတ်သန်းခွင့် မပေးတာတွေ လုပ်ဆောင်နေပါတယ်။
စစ်ကော်မရှင်နဲ့ သူ့ရဲ့ လက်အောက်ခံ မီဒီယာတွေကတော့ အလှူရှင်နဲ့ လူမှုကူညီရေးအဖွဲ့တွေကို တားဆီးတာ မရှိဘဲ လှူဒါန်းမယ့်သူတွေ၊ ကူညီကယ်ဆယ်ရေးသမားတွေ ကိုယ်တိုင်က မတည်ငြိမ်တဲ့ဒေသကို လာရောက် မလှူဒါန်းရဲတာလို့ အွန်လိုင်းပေါ်မှာ ဗြောင်ကျကျ လိမ်ညာဝါဒဖြန့်နေပါတယ်။
စစ်အစိုးရက ရေဘေးအတွက် လုပ်ငန်းရှင်တွေဆီကနေ အလှူငွေ ကျပ် ၂၃.၃၂၄ ဘီလီယံကျော် လက်ခံရရှိထားပါတယ်။ အဲဒီအလှူငွေတွေထဲက ကျပ်သိန်း ၁,၂၆၀ ကျော်ကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ရေဘေးသင့်ပြည်သူတွေအတွက် အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပေမဲ့ ကျန်ငွေတွေကို ဘယ်ဒေသတွေမှာ ဘယ်လောက်အသုံးပြုခဲ့တယ်ဆိုတဲ့ အသေးစိတ်စာရင်းတွေကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အခု ကူညီကယ်ဆယ်ရေးနဲ့ ပြင်ပအလှူရှင်တွေကိုတောင် အညာကို ကူညီခွင့် ပိတ်ပင်ထားတာကြောင့် အဲဒီအလှူငွေတွေဟာလည်း အညာအတွက် တပြားတချပ်တောင် ရမယ်မထင်ပါဘူး။
စစ်အုပ်စုက ရေဘေးအတွက် ကူညီကယ်ဆယ်ရေး မလုပ်တာ၊ ကူညီကယ်ဆယ်ရေး လုပ်ခွင့် ပိတ်ပင်ထားတာတွေအပြင် ရေဘေးသင့်နေတဲ့ အညာကို လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့၊ နေ့လည် ၂ နာရီလောက်မှာ စစ်တပ်က ရေဘေးဒဏ်ကို အဆိုးဆုံးခံနေရတဲ့ ခင်ဦးမြို့နယ်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး အမျိုးသမီးတဦး ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့သလို ဒေသခံတွေ မွေးမြူထားတဲ့ တိရိစ္ဆာန် အကောင် ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။
ဩဂုတ်လ ၆ ရက်နေ့တုန်းကလည်း ရေဘေးသင့်နေတဲ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာ စာသင်ကျောင်းကို ညသန်းခေါင်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှု မရှိပေမဲ့ စာသင်ကျောင်း၊ လူနေအိမ်တွေ အပြင် အရပ်သားတွေ မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ သေဆုံးခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်တပ်က ရေကြီးနေတဲ့ မဘိမ်းမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ရေဟာ လူတရပ်ကျော် မြင့်တက်နေပြီး လူနေအိမ်တွေ ခေါင်းမိုးပဲ ကျန်တဲ့အထိ နစ်မြုတ်နေပါတယ်။ စစ်အုပ်စုကတော့ ကူညီရေး ကယ််ဆယ်ရေး လမ်းကြောင်းတွေကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အဲဒီနောက် လေကြောင်းကနေပါ ဗုံးကြဲနေတယ်။ ရေဘေးကနေ မလွတ်သေးတဲ့ ပြည်သူတွေဟာ စစ်ဘေးကိုပါ တပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။
စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုကို အလူးအလဲ ခံရတာလည်း အညာပြည်သူတွေပါပဲ။ ရွာလုံးကျွတ် မီးရှို့ခံရတုန်းကလည်း အညာက ကျေးရွာတွေ ပြာကျခဲ့ပြီးပါပြီ။ အခု ဆည်ဖောက်ချလိုက်တော့လည်း ကြိုတင်ပြင်ဆင်ချိန် မရဘဲ ရေဘေးသင့်ကြရပါတယ်။ ကူညီကယ်ဆယ်ရေးနဲ့ ဆေးဝါးတွေ မရောက်နိုင်အောင် လမ်းကြောင်းတွေကို ဖြတ်တောက်၊ တားဆီးတာတွေလည်း ဆက်တိုက်လုပ်နေပါတယ်။ ဒါတောင် မကျေနပ်နိုင်သေးဘဲ ရေဘေးသင့် အညာပြည်သူတွေကို လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းတခုတည်းမှာပဲ လူဦးရေ ၂ သိန်းကျော် ရေဘေးသင့်နေပြီး ၂၅ ဦးအထိ သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အညာရေဘေးကို အညာဒေသခံ တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်ကော်မတီတွေက ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေကြရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အခြေအနေဟာ ဝန်နဲ့အား မမျှတဲ့ အနေအထားမှာ ရှိနေပါတယ်။ လက်ရှိမှာ မြွေဆိပ်ဖြေဆေး အပါအဝင် ဆေးဝါး၊ စားသောက်ကုန်နဲ့ သောက်ရေသန့်တွေ အရေးပေါ်လိုအပ်နေပါတယ်။
#abfsu #oway #floodinSagaing #helpwithfloodrelief #againstmilitartdictatorship
#whatshappeninginmyanmar