ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ (၆၂) နှစ်ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်‌ကြေညာချက်



ကြေညာချက်အမှတ် - ၁၅/ဗကသ/၂၀၂၄
နေ့စွဲ - ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်


ဒီကနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ကို ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ (၆၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဆဲဗင်းဂျူလိုင် (၇၊၇၊၁၉၆၂) ကျောင်းသားအရေးတော်ပုံကြီးဟာ ဗမာပြည်စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံး စတင်တိုက်ပွဲဆင်ခဲ့တဲ့ အရေးတော်ပုံကြီးလည်းဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးကို ပေါက်ဖွားစေခဲ့တဲ့ လက်ငင်းအကြောင်းအရင်းကတော့ နေဝင်းဦးဆောင်တဲ့ စစ်အုပ်စုက ဖိနှိပ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေကို ထုတ်ပြန်ပြီး ကျောင်းသားထုကို ရန်သူလို ပြုမူဆက်ဆံတာကြောင့်ပဲဖြစ်တယ်။ ဆဲဗင်းဂျူလိုင် ကျောင်းသား‌အရေးတော်ပုံကြီးမှာ ကျောင်းသားတွေ ရာနဲ့ချီပြီး ကျဆုံးခဲ့ရတယ်။ ဆဲဗင်းဂျူလိုင်ကနေ စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲစဉ်တလျှောက်မှာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့တဲ့ အာဇာနည်အပေါင်းကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက တိုင်းပြည်အာဏာကို အဓမ္မနည်းနဲ့ တကျော့ပြန် ပေါ်ပေါ်ထင်ထင် သိမ်းပိုက်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံဟာ ဆိုးဆိုးရွားရွား နိမ့်ကျခဲ့ရတယ်။ ပြည်သူလူထုဟာ အထွေထွေအကျပ်အတည်းပေါင်းစုံနဲ့ ဒုက္ခရောက်နေကြချိန်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရက မတရားစစ်မှုထမ်းဥပဒေကို အတင်းအကျပ်ပြဌာန်းပြီး တိုင်းပြည်ကို နောက်ထပ်ဆင်းရဲတွင်းတခုဆီ တွန်းပို့လိုက်ပြန်တယ်။ ဖက်ဆစ်စစ်တပ်နဲ့ လက်ပါးစေတွေက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ်နဲ့အမျှ ဖျက်ဆီးသတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေကိုလည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်နေပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုရဲ့ သွေးတွေနဲ့ စွန်းပေနေတဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းပြီး ပြည်သူ့အာဏာ တည်ဆောက်ကြရမယ်။ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာ ဆောက်တည်ထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသုတ်သင်ဖို့က ကျွန်ုပ်တို့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးရဲ့ အဓိကတာဝန်ကြီးဖြစ်တယ်။ ဒါ့ကြောင့် စစ်သုံးစစ်ကို အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်တဲ့ နည်းလမ်းပေါင်းစုံနဲ့ အုံကြွဆန့်ကျင်တော်လှန်ကြဖို့ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က လေးလေးနက်နက် တိုက်တွန်းနှိုးဆော်ပါတယ်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်ကလည်း ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို ဆက်လက်စွဲကိုင်ပြီး အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးနဲ့အတူ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်ချေမှုန်းနိုင်တဲ့အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။


“ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကြ”
“စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ”


ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ