လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁၂/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်

၁၉၈၈  ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ဖွဲ့စည်းခဲ့စဉ်ကတည်းက အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ဖက်မှာ အပြည့်အဝရပ်တည်ရင်း ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့တာ (၃၅) နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ၊ ဒီမိုကရေစီအရေးတိုက်ပွဲတွေမှာ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးပါတီတရပ်အဖြစ် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက် ဂုဏ်ပြုအပ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ နွေဦးတော်လှန်ရေးမှာလည်း ပါတီဝင်တဦးချင်းအနေနဲ့သာမက ပါတီတခုလုံးက ပိုင်းဖြတ်ချက်ရှိစွာနဲ့ ပါတီရပ်တည်နိုင်ရေးထက် ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ဒီမိုကရေစီအရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ခြင်းဟာလည်း ပါတီသမိုင်းမှာ အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ချမှတ်ဖော်ဆောင်ခဲ့တဲ့ ပါတီခေါင်းဆောင်များနဲ့ ပါတီတရပ်လုံးရဲ့ အမျှော်အမြင်ရှိမှု၊ ရဲဝံ့စွန့်စားမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေအတွက်လည်း ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က  အလေးအနက် မှတ်တမ်းတင်အပ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က ဆုမွန်ကောင်းတောင်းရင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တည်ထောင်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါတယ်။

"လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အဓွန့်ရှည်ပါစေ"
"ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်"

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty

ဗကသရဲဘော် ကိုဟိန်းထက်အား ဖက်ဆစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း မတရားအမိန့်ချမှတ်