ဖက်ဆစ်‌တော်လှန်ရေးနေ့








ဒီကနေ့ဟာ ဂျပန်နယ်ချဲ့ဖက်ဆစ်တပ်တွေကို ဗမာပြည်မြေပေါ်ကနေ စစ်မှန်သော နိုင်ငံရေး​ခေါင်းဆောင်မှု​၊ ဗမာပြည်လူမျိုးပေါင်းစုံရဲ့ သွေးစည်း​ညီညွတ်မှုတို့နဲ့ တော်လှန်မောင်းထုတ်နိုင်ခဲ့တဲ့ "ဖက်ဆစ်တော်လှန်ရေးနေ့" ပဲဖြစ်ပါတယ်။


ယခု၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ (၇၈) နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ နယ်ချဲ့ဖက်ဆစ်ဂျပန်တွေရဲ့ ဓားအောက်က ဗမာပြည်သူလူထုတရပ်လုံးဟာ အသက်၊ သွေး၊ ချွေးတွေကို ရင်းနှီးစတေးခဲ့လို့ နယ်ချဲ့ဖက်ဆစ်တွေကို ဗမာပြည်မြေပေါ်ကနေ အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့တဲ့ အောင်ပွဲဟာ အလွန်ပင်ကြီးမားမြင့်မြတ် ဂုဏ်ရောင်ပြောင်ခဲ့ပါတယ်။ ဒီဖက်ဆစ်တော်လှန်ရေးဟာ ကြီးမြတ်ဂုဏ်ပြောင်လို့ အောင်မြင်မှုတွေရရှိခဲ့ပေမယ့် ဒီတော်လှန်ရေးထဲမှာ မွေးဖွားခဲ့တဲ့​ တချိန်ကမျိုးချစ်မြန်မာ့တပ်မတော်ကပဲ​ ပြည်​ပြည်တွင်းစစ်မီးကို​ ဖန်တီးပြီး ဖက်ဆစ်သန္ဓေကို မွေးမြူပေါက်ဖွားလာစေခဲ့တယ်။ စစ်အုပ်စုရဲ့​အကျိုးစီးပွားအတွက် ပြည်တွင်းစစ်ကို​​ အသုံးချပြီး ဗမာပြည်​ တိုင်းရင်းသားပြည်သူ လူမျိုးပေါင်းစုံအပေါ် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတာကို ဒီကနေ့အထိ ခံနေရဆဲပဲဖြစ်ပါတယ်။


ဒါ့အပြင်​ တောင်တန်း/မြေပြန့်မကျန် ဗမာပြည်​လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့အသက်၊ သွေး၊ ချွေး​တွေနဲ့​ ရင်းနှီး​ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့ရတဲ့​ ဖက်ဆစ်တော်လှန်ရေးနေ့ အောင်ပွဲသမိုင်းကို စစ်ခေါင်းဆောင် ဗိုလ်နေဝင်းက ၁၉၅၅ခုနှစ် မတ်လ ၂၇ရက်နေ့မှာ "တပ်မတော်နေ့" အဖြစ် သမိုင်းဖျောက် ပုံဖျက်သတ်မှတ်ခဲ့ပြီး အာဏာရတဲ့ စစ်အုပ်စုအဆက်ဆက်ကလည်း လူထုနဲ့တိုင်းပြည်အပေါ် ဒီကနေ့အချိန်အထိ စစ်ဗျူရိုကရက်ယန္တရားကို​ အသုံးချပြီး သမိုင်းကိုဖျောက်ဖျက်ကာ လူထုကို​ လိမ်ညာ​ထား​မြဲဖြစ်တယ်။


၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဗမာပြည်ဟာ ဖက်ဆစ်စစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ထပ်မံခံခဲ့ရပြီး ပြည်သူလူထုဟာ ဖက်ဆစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက် အကြမ်းဖက်သတ်ဖြတ်နေတာကို နေ့စဉ်နဲ့အမျှ ခံနေကြရပါတယ်။ 


လက်ရှိ မြန်မာ့တပ်မတော် လို့ ခေါ်တဲ့ ဖက်ဆစ်စစ်တပ်ဟာ တောင်တန်း/မြေပြန့်က လူမျိုးပေါင်းစုံပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ခြင်း၊ စိုက်ပျိုးသီးနှံနဲ့ လယ်ယာသုံးကိရိယာတွေ အပါအဝင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့အိုးအိမ် စည်းစိမ်ဥစ္စာတွေကို ခိုးယူခြင်း၊ အဓမ္မသိမ်းပိုက်ခြင်း၊ လိင်အကြမ်းဖက်ခြင်း အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဥ်နဲ့အမျှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလည်း မိဘပြည်သူတွေ တွေ့ကြုံခံစားနေရတာပဲ ဖြစ်ပါတယ်။


ဒါ့ကြောင် ဒီကနေ့မှာ ကျရောက်တဲ့ "ဖက်ဆစ်တော်လှန်ရေးနေ့" ကို အကြောင်းပြုလို့​ ရရာနည်းလမ်းပေါင်းစုံသုံးပြီး​ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား အပါအဝင် အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးက သွေးစည်းညီညွတ်စွာနဲ့ ဖက်ဆစ်စစ်တပ်​ကို အမြစ်ဖြတ် သုတ်သင်ပစ်ဖို့လိုပါတယ်။ တော်လှန်ရေးတရပ်ဟာ​ ပြည်သူလူထုအပေါ်မှာ အလုံးစုံ မူတည်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ လက်ရှိဗမာပြည်ရဲ့ အထွေထွေအကျပ်အတည်းအားလုံးဟာ ​စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကြောင့်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒီကနေ့​ ဖက်ဆစ်တော်လှန်ရေးဟာ ဗမာပြည်သမိုင်းမှာ ​အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံးနဲ့ အပြင်းထန်ဆုံးသော ပြည်တွင်းဖြစ်ဖက်ဆစ်တွေကို​ တိုက်နေရတာဖြစ်ပါတယ်။ ဒီအတွက်​ မိဘပြည်သူတွေအနေနဲ့ ရောက်ရာနေရာမှာ ရရာနည်းလမ်းပေါင်းစုံနဲ့​ ပြည်သူလူထုတရပ်လုံး လက်တွဲပြီး ဖက်ဆစ်တွေကို မွေးထုတ်နေတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ် - စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) ကို အမြစ်​ဖြတ်ချေမှုန်းရင်း မပြီးသေးတဲ့​ ဖက်ဆစ်တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။


"ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်"

"ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကိုကြိုကြ"


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ