ဆလိုင်းတင်မောင်ဦးနေ့ ၄၇ နှစ်ပြည့် အထိမ်းအမှတ်


မိဘပြည်သူ ကျောင်းသားအပေါင်းတို့ ခင်ဗျာ ...

ဒီကနေ့ ကျရောက်တဲ့ ဇွန်လ ၂၆ ရက်နေ့ဟာ ဗမာပြည်စစ်အစိုးရသမိုင်းမှာ ပထမဦးဆုံးသော ကြိုးပေးသတ်ဖြတ်ခံရတဲ့ ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးနဲ့ အဖိနှိပ်ခံလူထု လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်ဗိုလ်ချုပ် နေဝင်းဦးဆောင်တဲ့ မဆလစစ်အစိုးအရက လူမသိသူမသိ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့သမိုင်းကို ဒီနေ့တိုင် စစ်အုပ်စုက ဖုံးကွယ်ထားဆဲဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလမှာ စစ်အစိုးအရတွေ အဆက်ဆက် ပြောင်းလဲသွားခဲ့ပေမယ့်လည်း ကြိုးစင်ဆိုတဲ့ ဖိနှိပ်ရေးယန္တရားကြီးကို တခါပြန်သုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တဲ့ ပြည်သူလူထုကို ကြိုးပေးသတ်ဖြတ်ခဲ့တာ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီတို့ အပါအဝင် ဒီမိုကရေစီအရေး ကြိုးပမ်းလှုပ်ရှားကြသူတွေ ကျဆုံးခဲ့တဲ့အဖြစ်အပျက်ကို မိဘပြည်သူတွေ သိရှိခဲ့ရပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖက်ဆစ်အစိုးရဟာ ဗကသရဲဘော် ကိုကောင်းဆက်ပိုင် အပါအဝင် ကျောင်းသားပြည်သူ တရာကျော်ကို သေဒဏ်ချမှတ်ထားပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ ပင်လုံစာချုပ်ကို ချိုးဖောက်ပြီး ကျွန်ုပ်တို့ ညီနောင်တိုင်းရင်းသားတွေအပါအဝင် ပြည်သူတွေအပေါ်  နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအရ နှစ်(၇၀)ကျော်တိုင်တိုင် အနိုင်ကျင့်ဖိနှိပ်ခဲ့တယ်။ ခေတ်အဆက်ဆက်မှာ သူတို့ကိုဆန့်ကျင်တဲ့ ဘယ်ကျောင်းသားပြည်သူကိုမဆို သူတို့အကျိုးစီးပွားအတွက် ရေးဆွဲပြဌာန်းတဲ့ဥပဒေကို အသုံးချပြီး ကြိုးစင်တွေပေါ်မှာ လူမသိသူမသိ သတ်ဖြတ်ခဲ့သလို၊ လမ်းမတွေပေါ်၊ အကျဥ်းထောင်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာလည်း ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်ညှင်းဆဲခဲ့ပါတယ်။ ဒါတင် မကပါဘူး။ ကျေးလက်ဒေသတွေမှာ ကလေးသူငယ်တွေပါမကျန် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေရတာတွေ၊ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ပြည်သူလူထုရဲ့ အိုးအိမ် ၇သောင်းကျော်နဲ့ လယ်ယာစိုက်ပျိုးရေးသီးနှံတွေ၊ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ရေတွက်လို့မရနိုင်တဲ့ ပြည်သူအလောင်းတွေ အစရှိတဲ့ စစ်ရာဇဝတ်မှုတွေအားလုံးကို စစ်အုပ်စုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတရပ်လုံးကို ရန်သူသဖွယ် ဖိနှိပ်သတ်ဖြတ်နေပါတယ်။ ဒီလိုဖိနှိပ်သတ်ဖြတ်နေသလို တဖက်မှာလည်း တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ တိုင်းပြည်ရဲ့ အထွေထွေနိမ့်ကျမှုကြီးတွေနဲ့အတူ မိဘပြည်သူတို့ရဲ့ နေ့စဥ်စားဝတ်နေရေး ကျပ်တည်းခက်ခဲမှု၊ စိတ်သောကရောက်ရမှု၊ ပင်ပန်းဆင်းရဲမှုနဲ့ လူသားတယောက်ရဲ့ဖြစ်တည်မှုကို အပြည့်အဝမခံစားရမှုတွေ အစရှိတဲ့ ပြဿနာအားလုံးရဲ့ တရားခံဟာ စစ်အာဏာရှင်စနစ်ကြောင့်သာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဟာ ရေသောက်မြစ်တွေဖြစ်တဲ့ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာထောက်တိုင်ပြုပြီး တည်ဆောက်ထားပါတယ်။ လက်ရှိပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေဟာ စစ်သုံးစစ်ကြောင့် ဖြစ်နေတာပါပဲ။ မိဘပြည်သူတို့ရဲ့ ဘဝလွတ်မြောက်ရေးနဲ့ ဆင်းရဲကျပ်တည်းမှုအောက်က လွတ်မြောက်ရေးအတွက် ဒီစစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ပစ်ရပါမယ်။ ဒီတိုက်ပွဲမှာ ကျနော်တို့ ဘဝတွေအသက်တွေ ပေးကောင်းပေးရပေမယ့် ဒီဖိနှိပ်ကျပ်တည်းမှုတွေအောက်မှာ တနည်းမဟုတ်နည်း သေဆုံးကြမယ့်အတူတူ ဘဝလွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ကာ တိုက်ပွဲဝင်ရတာ ပိုကြီးမြတ်ပါတယ်။ ချင်းအမျိုးသား ကျောင်းသားရဲဘော် ဆလိုင်းတင်မောင်ဦး မကျဆုံးခင် နောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းစကားလို "မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုတဲ့အတိုင်း စစ်အာဏာရှင်စနစ်ကို မကြောက်မရွံ့ မတွန့်မဆုတ် တိုက်ပွဲဝင်ကြရပါလိမ့်မယ်။ ဒီစစ်တပ်ဟာ လူတဦးတယောက်ခြင်းစီကိုသာ သတ်လို့ရပေမယ့် လူထုရဲ့တော်လှန်ရေးကို သတ်လို့မရပါဘူး။

မိဘပြည်သူတို့ ... ဒီစစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ရဲ့ ဖိနှိပ်ရက်စက်မှု အကျပ်အတည်းအောက်မှာ ငုံမခံကြနဲ့။ ကျနော်တို့ဟာ ရဲဘော်ဆလိုင်းတင်မောင်ဦးလို ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ကြရလိမ့်မယ်။ ဆင်းရဲကျပ်တည်းခက်ခဲမှုကို အကြောင်းပြုပြီး စစ်သုံးစစ်တိုက်ဖျက်ရေးအတွက် ကျနော်ကိုယ်တိုင် တိုက်ပွဲဝင်ကြရမယ်။ မိဘပြည်သူတို့နဲ့အတူ ကျွန်ုပ်တို့ကျောင်းသားတွေ အမြဲရှိနေပါတယ်။ ကျောင်းသားပြည်သူအပေါင်းရဲ့အားနဲ့ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြပါစို့ ....။

"မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး"
"ဆလိုင်းတင်မောင်ဦးစိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ၊ စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖြတ်ကြ"

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)
မြန်မာနိုင်ငံလုံးဆိုင်ရာချင်းကျောင်းသားများသမဂ္ဂ (CSU)

#ဆလိုင်းတင်မောင်ဦး #SalaiTinMgOo #ဆလိုင်းတင်မောင်ဦးနေ့ #ဗကသ #abfsu #csu #whathappeninginmyanmar

eBook - https://drive.google.com/file/d/1F9V6hcFzlUFPPwvWKqPL2yI7LJhEWamg/view?usp=drivesdk

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ