စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအား အကြမ်းဖက် ဖက်ဆစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်


ကြေညာချက်အမှတ် - ၁/ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်


၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်၌ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအား အကြမ်းဖက် ဖက်ဆစ်စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြု၍  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးသူငယ် (၂၅) ဦးခန့် အပါအဝင် (လက်ရှိအချိန်အထိ) အရပ်သားပြည်သူ (၁၀၀) ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၅၀) ဦးခန့်ရှိကြောင်း ကြားသိရပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်အနေဖြင့် ထိခိုက် သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဒေသခံ ပြည်သူလူထုနှင့်အတူ တသားတည်း ရှိနေပါကြောင်း ပြောကြားလိုပါသည်။ 


စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူလူထုအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် ဖက်ဆစ်တပ်၏ အဆိုပါလုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့် လုပ်ရပ်များအား ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှကာလတလျှောက်လုံးတွင် အဖိနှိပ်ခံပြည်သူလူထု၏ အခွင့်အရေးအရပ်ရပ်သည်လည်း ဆက်လက်ဆိတ်သုဉ်းနေဦးမည်ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ် ဖြစ်သည်။


ထိုကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို ဗကသများအဖွဲချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။


“စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ”

“ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


#abfsu #ကန့်ဘလူ #ပဇီကြီး #Kanbalu #လေကြောင်းတိုက်ခိုက်မှု #AirAttack #WhatHappeningInMyanmarNow

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ