ABFSU Fundraising ရံပုံငွေကမ်ပိန်း စတင်ပြီ


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကနေ ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရံပုံငွေကမ်ပိန်းကို ဒီကနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်လိုက်ပါတယ်။ 


ဗကသများအဖွဲ့ချုပ်ဟာ စတင်တည်ထောင်စဥ်ထဲက ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်၊ နယ်ချဲ့စနစ်နဲ့ စစ်အာဏာရှင်စနစ်တို့ကို တစိုက်မတ်မတ် ဆန့်ကျင်တိုက်ပွဲ၀င်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အရေးတော်ပုံတိုင်းမှာ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ပြီး တက်တက်ကြွကြွ ပါ၀င်လှုပ်ရှားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်၀ါရီမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ ဖက်ဆစ်တပ်က အာဏာသိမ်းခဲ့တဲ့အခါမှာလည်း ဗကသများအဖွဲ့ချုပ်ဟာ ပြည်သူနဲ့အတူ နေရာဒေသအသီးသီးမှာ  စစ်အာဏာရှင်ဆန့်ကျင်ရေးအလံကို မြင့်မြင့်မားမား လွှင့်ထူတိုက်ပွဲ၀င်နေကြပါတယ်။


လက်ရှိလည်း အကျပ်အတည်းကြားထဲမှာ ဗကသရဲဘော်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် ရံပုံငွေလိုအပ်ချက်တွေရှိလာပါတယ်။ ပြည်သူလူထုအနေနဲ့လည်း အခုကာလမှာ ဘက်စုံကျပ်တည်းနေတဲ့အပြင် ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့ခံစားနေရတာကိုလည်း သိနေရပါတယ်။ ဒါပေမယ့် ရံပုံငွေလိုအပ်ချက်တွေကလည်း များလှတာကြောင့် အားနာနာနဲ့ပဲ အလှူခံပါရစေခင်ဗျာ။ 


ကမ်ပိန်းအစီအစဥ်ကိုလည်း အသေးစိတ်မိတ်ဆက်ပေးလိုပါတယ်ခင်ဗျာ။ စစ်အာဏာရှင်ဆန့်ကျင်ရေးရံပုံငွေအတွက် လက်မှတ်တစ်စောင်ကို ငါးထောင်ကျပ် နဲ့ စောင်ရေတစ်သောင်း ရောင်းချသွားဖို့ရှိပါတယ်။ ဗကသများအဖွဲ့ချုပ်ကနေ စာအုပ်၊ ပန်းချီ၊ လက်မှုပစ္စည်းနဲ့ အခြား အနုပညာပစ္စည်းပေါင်း ၆၀ ခန့်ကို အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သွားမှာပါ။ ပြည်တွင်းကနေ ၀ယ်ယူလှူဒါန်းကြမယ့် အလှူရှင်မိဘပြည်သူတွေအနေနဲ့လည်း ပိုပြီးလုံခြုံစိတ်ချရအောင် စီစဥ်ထားပါတယ်။ NUG Pay နဲ့လည်း ၀ယ်ယူလှူဒါန်းနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ လက်မှတ်စောင်ရေတစ်သောင်း ရောင်းချပြီးတာနဲ့ အလှူရှင်တွေကို အမှတ်တရလက်ဆောင်ပစ္စည်းတွေကို မဲဖောက်ပြီးပေးအပ်သွားမှာဖြစ်ပါတယ်။

လက်မှတ်တွေကို ABFSU Fundraising Page ကနေ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။ အခြားယုံကြည်စိတ်ချစွာ ၀ယ်ယူလို့ရမယ့်နေရာတွေကိုလည်း ABFSU Fundraising Page ကနေ ကြေညာပေးသွားမှာပါ။


ငွေသားတင်မဟုတ်ဘဲ အနုပညာပစ္စည်းတွေလည်းလှူဒါန်းလို့ရပါတယ်ခင်ဗျာ။ မိဘပြည်သူများအနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ပါ၀င်လှူဒါန်းကြဖို့ မေတ္တာရပ်ခံပါတယ်။


"အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ။"

#abfsu_fundraising

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ