စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တိုက်ဖျက်ကြရန် ကျောင်းသားထုနှင့် ပြည်သူလူထုအား တိုက်တွန်းနှိုးဆော်ခြင်း

ကြေညာချက်အမှတ် - ၁၀/၂၀၂၁

ရက်စွဲ - ၂၁/၁၁/၂၀၂၁

                   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အဓမ္မအာဏာသိမ်းပိုက်ခဲ့သော ဖက်ဆစ်အုပ်စုသည် ယခုဆိုလျှင် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ စစ်ဗျူရိုကရေစီယန္တယားအား လည်ပတ်စေရန် ကြိုးပမ်းနေသည်။ ဖက်ဆစ်အုပ်စု၏ ယခုကဲ့သို့ ကျောင်းများဖွင့်လှစ်ခြင်းသည် ကျောင်းသားထုနှင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် မဟုတ်ဘဲ ပြည်တွင်း/ပြည်ပတွင် ၎င်းတို့၏ နိုင်ငံရေးအကျိုးစီးပွားအတွက် အမြတ်ထုတ်ရန် သက်သက်သာဖြစ်သည်။ ပညာရေး၊ စီးပွားရေးပြဿနာတို့သည် နိုင်ငံရေးပြဿနာနှင့် ဒွန်တွဲနေသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီး လုယက် သတ်ဖြတ်ခြင်း ဆက်တိုက်ကျူးလွန်နေသည့်  ဖက်ဆစ်အုပ်စု၏ စစ်အာဏာရှင်စနစ်တွင် ပေါ်ထွက်လာမည့် ပညာရေးစနစ်သည်လည်း စစ်ကျွန်ပညာရေးသာဖြစ်မည်။ ထို့ကြောင့် ဖက်ဆစ်အုပ်စုမှ အသက်သွင်းနေသော စစ်ကျွန်ပညာရေးစနစ်အား ကျောင်းသားထုနှင့် လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံးမှ ကျောင်းမတက် ကျောင်းမအပ်ဘဲ တခဲနက်ဆန့်ကျင်ကာ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြရန် လိုအပ်ပေသည်။
                      စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တယား (စစ်သုံးစစ်) တို့ဖြင့် အခိုင်အမာ တည်ဆောက်ထားသော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း သုတ်သင်ရန်မှာ ကျွန်ုပ်တို့ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သကဲ့သို့ အထွေထွေအကျပ်အတည်းမှ လွတ်မြောက်ရန် တခုတည်းသော ထွက်ပေါက်လည်း ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ အုံကြွဆန့်ကျင်တော်လှန်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ရရာနည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ