ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၂
ရက်စွဲ - ၂၆ ရက် ဇွန်လ ၂၀၂၂ ခုနှစ်

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း နေဝင်း ဖက်ဆစ်အုပ်စု၏ မတရားကြိုးပေးကွပ်မျက်မှုကြောင့် နောင်တော်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သည်မှာ ယနေ့ဆိုလျှင် ၄၆ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူတရပ်လုံး၏ ဘုံရန်သူအား နောက်ဆုံးအချိန်အထိ အလျှော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦးအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ် မှ အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ခေတ်အဆက်ဆက်တွင် ကျောင်းသား ပြည်သူတို့အား ရက်ရက်စက်စက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများအား ကျူးလွန်ခဲ့သော ဖက်ဆစ်တပ်သည် ယခုနွေဦးတော်လှန်ရေးတွင်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်မှု နှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။ “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟူသည့် ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦး ၏ မြင့်မြတ်ဂုဏ်ပြောင်သည့် တိုက်ပွဲဝင်စိတ်ဓာတ်ကို ကိုင်စွဲကာ ဘုံရန်သူအား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် နောင်တော်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ရဲဝံ့ပြတ်သားသည့် တိုက်ပွဲဝင်စိတ်ဓာတ်အား ဆက်လက်ကိုင်စွဲကာ ဘုံရန်သူအား ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ