နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော ဗကသရဲဘော်များဂုဏ်ပြုပွဲ အခမ်းအနားသို့ ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၇/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်

တိုင်းပြည်အာဏာကို စစ်ကောင်စီက မတရားသိမ်းယူပြီး ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်လာတာ သုံးနှစ်ကျော်ခဲ့ပါပြီ။ ဒီလို မတရားသဖြင့် လက်နက်အားကိုးဖိနှိပ်မှုကို ပြည်သူလူထုက အပြင်းအထန် ဆန့်ကျင်တိုက်ပွဲဝင်လာတာလည်း သုံးနှစ်ကျော်သွားပါပြီ။ 

အဲ့ဒီလိုတိုက်ပွဲဝင်တဲ့နေရာမှာ ကျောင်းသားလူငယ်အများအပြားဟာလည်း တက်ကြွတဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြတယ်ဆိုတာ ထပ်လောင်းဖြည့်စွက်စရာ သက်သေပြစရာမလိုအောင် ထင်ရှားပြီးဖြစ်ပါတယ်။ 

နေ့စဉ်နဲ့အမျှ ကျောင်းသားလူငယ်အများအပြားဟာ လူထုလွတ်မြောက်ရေးအတွက် ပေးဆပ်တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံရ၊ ထောင်ချခံရ၊ အသက်ပေးသွားရတာတွေကို ကျနော်တို့အားလုံး ကောင်းစွာသိမြင်ပြီး ဖြစ်ပါတယ်။ 

ပြည်သူ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားတဲ့ ဗကသကျောင်းသားတွေ အပါအဝင် ကျောင်းသားလူငယ်အားလုံးကို အလေးအနက်ဂုဏ်ပြုရမှာ၊ ဦးညွတ်အလေးပြုရမှာ ဖြစ်ပါတယ်။ 

ဗကသများအဖွဲ့ချုပ်အနေနဲ့ ကျဆုံးရဲဘော်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြည်သူလူထုနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ခေတ်အဆက်ဆက်က ဒီမိုကရေစီရေးတိုက်ပွဲတွေအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို တိုင်တည်ပြီး ကတိသစ္စာပြုပါတယ်။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ