အသံတိတ်သပိတ် Silent Strike လှုပ်ရှားမှု‌တွင် ပါ၀င်ခဲ့သည့် စက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းသားများ အကြမ်းဖက်ဖမ်းဆီး ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ခြင်း

ကြေညာချက်အမှတ် - ၂/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

၂၀၂၄ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့၌ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်တွင် ပါ၀င်ခဲ့သည့် စက်မှုလက်မှုသိပ္ပံ - အင်းစိန် (ဂျီတီအိုင် - အင်းစိန်) ကျောင်းသားများကို စစ်ကောင်စီက ကျောင်းရှေ့ခေါ်ထုတ်ကာ အကြမ်းဖက်ရိုက်နှက်ခဲ့သည်ဟု သိရပါသည်။ ဂျီတီအိုင် - အင်းစိန်တွင် ပညာသင်ယူနေသည့် လူမျိုးစုကျောင်းသားများကိုလည်း စစ်ကောင်စီတပ်က လူမျိုးရေးခွဲခြားဆက်ဆံပြီး ရိုက်နှက်ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။

ထိုသို့ အကြမ်းဖက်ရိုက်နှက်ခြင်းသည် အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်။ ကျောင်းသားလူငယ်များ၏ ငြိမ်းချမ်းစွာပညာသင်ယူခွင့်နှင့် ဘ၀လုံခြုံမှုကို ခြိမ်းခြောက်ရုံတင်မက ထိပါးစော်ကားခြင်းဖြစ်သည်။ လူမျိုးစု၊ လူနည်းစုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားဖိနှိပ်သည့် ဖက်ဆစ်လုပ်ရပ်ဖြစ်သည်။ ဗကသများအဖွဲ့ချုပ်အနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်သည်။ စစ်ကောင်စီအနေဖြင့် ယခုလုပ်ရပ်အတွက် တာ၀န်ခံရမည်ဖြစ်သည်။

လှုပ်ရှားမှု‌တွင် ပါဝင်ခဲ့သည့် ကျောင်းသားများကို စစ်ကောင်စီအား သတင်းပေးတိုင်ကြားခဲ့သည့် ‌ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသားများအား အကြမ်းဖက်နှိပ်စက်နေချိန်တွင် ဝင်ရောက်တားဆီးဖြန်ဖြေပေးခြင်း မပြုဘဲ မျက်ကွယ်ပြုခဲ့သည့် ဆရာဆရာမများ၏ ဆရာဝတ်မကျေပွန်မှုကိုလည်း ဗကသများအဖွဲ့ချုပ်မှ ဆန့်ကျင်ရှုတ်ချသည်။

ကျောင်းသားမိဘများ၊ ကျောင်းသားများ၊ ရဟန်းရှင်လူ ပြည်သူများခင်ဗျာ . . .
ဤအရုပ်ဆိုးအကျည်းတန်သောဖြစ်ရပ်၏ လက်သည်တရားခံ အရင်းအမြစ်မှာ စစ်အာဏာရှင်စနစ်ဖြစ်ပါသည်။ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တယား အစရှိသည့် စစ်သုံးစစ်ဖြင့် အခိုင်အမာ ထောက်တိုင်ယူ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် မပြိုလဲသေးသမျှကာလပတ်လုံးတွင် အလားတူဖြစ်ရပ်များ၊ ယခုထက်ပင် ပိုမိုဆိုး၀ါးသောဖြစ်ရပ်များလည်း ဖြစ်ပွားနေဦးမည်ဖြစ်ပါသည်။ ယခုဖြစ်ရပ်မတိုင်မီကလည်း စစ်ကောင်စီသည် အဆိုးရွားဆုံးသော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် အရင်းအမြစ်ဖြစ်သော စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ၀ိုင်း၀န်းတိုက်ပွဲ၀င်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

“အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ”
“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”

ဗဟိုအမှုဆောင်အဖွဲ့
ဗကသများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ