ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွိုင်နန်ဖကျေးရွာရှိ စာသင်ကျောင်းအား ဖက်ဆစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွိုင်နန်ဖကျေးရွာရှိ ပြည်သူလူထု၏ စာသင်ကျောင်းအား ပစ်မှတ်ထားကာ ဖက်ဆစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ပညာသင်ယူနေသည့် အသက် ၁၁ နှစ်မှ ၁၃ နှစ်ကြား အရွယ်သာရှိသေးသည့် ကျောင်းသား (၄) ဦး သေဆုံးခဲ့ပြီး ကျောင်းသားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖက်ဆစ်တပ်၏ ယင်းလုပ်ရပ်သည် ကျောင်းသားအခွင့်အရေးနှင့် လူထုအခွင့်အရေးကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပါအဝင် ပြည်သူလူထုနှင့်ကျောင်းသားထုအ‌ပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့်လုပ်ရပ်များအား ဗကသများအဖွဲချုပ်မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ 

စစ်အာဏာရှင်စနစ် ရှိနေသမျှကာလတလျှောက်လုံးတွင် ကျောင်းသားထုနှင့် ပြည်သူလူထု၏ အခွင့်အရေးအရပ်ရပ်သည်လည်း ဆက်လက်ဆိတ်သုဉ်းနေမည်အုံးဖြစ်သည်။ ထိုကြောင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကာ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေရမည်။ 

ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို ဗကသများအဖွဲချုပ်က တိုက်တွန်းနှိးဆော်အပ်ပါသည်။ ကျွန်ုပ်တို ဗကသများအဖွဲချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။  
 
ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ