ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား သေဒဏ်အမိန့် ချမှတ်ခြင်းအပေါ် ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်


ကြေညာချက်အမှတ် - /ဗကသ/၂၀၂၃

ရက်စွဲ - ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်


                ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ခဲ့သည့်အတွက် မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ် မြေပြင်ရေးရာတာဝန်ခံဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား အာဏာသိမ်းဖက်ဆစ်တပ်က မတရားပုဒ်မများတပ်၍ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ထားရာမှ ဧပြီလ ၂၅ ရက်နေ့တွင် သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ကြောင်း သိရသည်။ 


                ဗကသရဲဘော် ကိုကောင်းဆက်ပိုင်အား ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခြင်း၊ သေဒဏ်အမိန့် ချမှတ်ခြင်းနှင့် ဗကသရဲဘော်များအား မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထောင်ချထားခြင်းများ အပါအဝင်ပြည်သူလူထုအား တရားမဲ့သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထောင်ချမှုများ၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများအား ဖျက်ဆီးသိမ်းပိုက်ခြင်းများ အားလုံးကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သည်။ အဆိုပါလုပ်ရပ်များသည် အာဏာသိမ်းဖက်ဆစ်တပ်၏ မတရားသဖြင့် တဖက်သတ်စီရင်ချက်များဟု ဗကသများအဖွဲ့ချုပ်က ပြတ်ပြတ်သားသား ရှုမြင်ယူဆသည်။ ထို့ကြောင့် ဗကသရဲဘော်များ အပါအဝင်ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့/ကျူးလွန်ဆဲ မတရားမှုများ၊ စစ်ရာဇဝတ်မှုများအား စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမည်ဖြစ်ပြီး အဆိုပါလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။


                ယနေ့ကာလသည် အာဏာသိမ်းဖက်ဆစ်ဘီလူး မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆစ်အုပ်စုကပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလဖြစ်သည်။ ဤကာလတွင်စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့်ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအားတိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။  


စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းကြ

ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်


#ဗကသ #abfsu #ကိုကောင်းဆက်ပိုင် #KoKaungSatPaing #တသက်တကျွန်း #သေဒဏ် #DeathPenalty #WhatHappeningInMyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty