ကချင်ပြည်တွင် အကြမ်းဖက် ဖက်ဆစ်တပ်က တိုက်လေယာဉ်များအသုံးပြု၍ အရပ်သားပြည်သူများအား ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်


ကြေညာချက်အမှတ် - ၆/ဗကသ/၂၀၂၂

ရက်စွဲ - ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်


               ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့ ညဦးပိုင်း၌ ကချင်ပြည် ဖားကန့်မြို့ အနန့်ပါကျေးရွာတွင် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ - ကေအိုင်အို (Kachin Independence Organization - KIO) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပနေစဉ် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က တိုက်လေယာဉ်များ အသုံးပြု၍  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကချင်အနုပညာရှင်များ အပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း ကြားသိရပါသည်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည့် အနန့်ပါကျေးရွာသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ကစတင်၍ ယနေ့အထိ ၁၅ လကျော်ကြာ အင်တာနက်နှင့် ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ခံထားရပြီး  ယခုကြေညာချက် ထုတ်ပြန်ချိန်အထိ အရပ်သားပြည်သူ (၆၀) ခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသည့်ပြည်သူ ၁၀၀ ကျော်ကိုလည်း ဆေးကုသခွင့်မရအောင် ဂင်စီကျေးရွာ အထွက်ဂိတ်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပိတ်ဆို့တားမြစ်ထားသည့်အတွက် အသက်သေဆုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။


               ပြည်သူလူထုအား ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် ဖက်ဆစ်တပ်၏ အဆိုပါလုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပါအဝင် ပြည်သူလူထုအပေါ် ကျူးလွန်နေဆဲ ကျူးလွန်ခဲ့သည့်လုပ်ရပ်များအား ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှကာလတလျှောက်လုံးတွင် အဖိနှိပ်ခံပြည်သူလူထု၏ အခွင့်အရေးအရပ်ရပ်သည်လည်း ဆက်လက်ဆိတ်သုဉ်းနေဦးမည်ဖြစ်သည်။ ထိုကြောင့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။


               ထိုကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို ဗကသများအဖွဲချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။


“တောင်ပေါ်/မြေပြန့် ညီညွတ်ကြ”

“ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်”


ဗဟိုအမှုဆောင်အဖွဲ့

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ