NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သို့

ရဲဘော်များ၊ မိတ်ဆွေများနှင့် နိုင်ငံရေးအင်အားစုများခင်ဗျား …

 

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့သဘောထားတွေကို တင်ပြလိုက်ရပါတယ်။

 

၁။ CDM တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ မွန်မြတ်သန့်ရှင်းမှုနဲ့ ပြည်သူလူထုကိုမျက်နှာမူပြီး အမှန်တရားအတွက်တိုက်ပွဲဝင်မှုတွေကို အလေးနက်ဆုံးနဲ့ အမြင့်မားဆုံး တန်ဖိုးထားပြီး ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။

 

၂။ အခြားတဖက်မှာလည်း Non-CDM တွေရဲ့ လက်တွေ့လူမှုဘဝ အကျဥ်းအကျပ်ထဲ ရှင်သန်နေထိုင်မှုရမှုကိုလည်း အတိုင်းအတာတခုအထိ စာနာနားလည်ပေးရပါလိမ့်မယ်။

 

၃။ Non-CDM တွေကို အမြင့်ဆုံးတောင်းဆိုသင့်/တောင်းဆိုနိုင်တာက စကစနဲ့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့၊ စကစရဲ့ ဖိနှိပ်ရေးလုပ်ငန်းစဥ်တွေ ယန္တရားတွေမှာ တက်တက်ကြွကြွ မပါဝင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးမပြုဖို့ပါပဲ။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း Non-CDM တွေ တော်လှန်ရေးမှာ လျို့ဝှက်ပြီး ဘယ်လိုပါဝင်လို့ရနိုင်တယ်၊ ဘယ်လိုကူညီထောက်ပံ့လို့ ရနိုင်တယ်ဆိုတဲ့ လမ်းညွှန်ချက်တွေ နည်းလမ်းတွေကို နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ဖြန့်ချိနေသင့်ပါတယ်။

 

၄။ CDM မူဝါဒမှာ အဓိကစဥ်းစားသင့်တာက လက်ရှိ CDM အင်အားစုတွေရဲ့ ရှင်သန်ရပ်တည်မှု အခြေအနေကိုအားဖြည့်ထောက်ပံ့ပေးမယ့် အစီစဥ်တွေကို အလေးအနက်ထား အကောင်အထည်ဖော်သင့်ပြီး၊ အနာဂတ်လူမှုဘဝအတွက် အာမခံချက်အပြည့်ရှိတဲ့ မူဝါဒတွေကို ဖန်တီးရေးဆွဲတာမျိုး စဥ်းစားပြင်ဆင်တာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

 

၅။ CDMဆိုတာ နိုင်ငံရေးလှုပ်ရှားမှု တခုပါပဲ။ CDMတွေကို နိုင်ငံရေးဖြစ်စဥ်မှာ ပိုပြီးတက်တက်ကြွကြွ ပါဝင်လာနိုင်မယ့် နည်းလမ်းမျိုးတွေကို စဥ်းစားသင့်ပါတယ်။ CDM တွေကို အရေးကြီးတဲ့ သပိတ်မှောက် အင်အားစုကြီးအဖြစ်ကနေ တစုတစည်းတည်းရှိကြတဲ့ အင်မတန်အားကောင်းတဲ့ တော်လှန်ရေး အင်အားစုကြီးတရပ်ဖြစ်လာအောင် လုပ်ဆောင်ဖို့ နိုင်ငံရေးအင်အားစု အသီးသီးမှာ တာဝန်ရှိပါတယ်။ တော်လှန်ရေးမိတ်ဆွေအဆင့်ကနေမဟာမိတ်အဆင့်၊ မဟာမိတ်အဆင့်ကနေ ရဲဘော်အဆင့်ထိ ဖြစ်လာအောင် စည်းရုံးတည်ဆောက်ရမယ်လို့ မြင်ပါတယ်။

 

၆။ CDMတွေကို အဓိကအားဖြင့် အတွေးအခေါ်အရ ပိုမိုကြံ့ခိုင်အောင် တည်ဆောက်နိုင်ဖို့ စည်းရုံးရေးအရ ပိုမိုခိုင်မာစေဖို့ အထောက်အကူပြုနိုင်တဲ့ အသေးစိတ်ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ ဥပမာ - UN ရဲ့ လမ်းကြောင်းတွေ ယန္တရားတွေကတဆင့် ကူညီတာ၊ NGO, INGO တွေကတဆင့် ကူညီတာ၊ လူမျိုးစုတော်လှန်ရေးအင်အားစု (ERO) တွေနဲ့ ညှိနှိုင်းပြီး နေရာထိုင်ခင်းစီစဥ်ပေးတာ၊ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေပေးတာ၊ လွတ်မြောက်ဒေသတွေကို ပို့ဆောင်ပေးတာ၊ အတွေးအခေါ်နဲ့သဘောတရားရေး ဆွေးနွေးတာမျိုး စတဲ့နည်းလမ်းတွေကို ပိုမိုအလေးနက်ထား အသေးစိတ်စဥ်းစားသင့်ပါတယ်။

 

၇။ အမှုထမ်းပေါင်းစုံသမဂ္ဂ (သို့မဟုတ်ဝန်ထမ်းပေါင်းစုံသမဂ္ဂ (သို့မဟုတ်အခြားသောပုံစံအမျိုးမျိုးနဲ့ သမဂ္ဂတွေပေါ်ပေါက်လာပြီး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပိုမိုပါဝင်လာနိုင်အောင် ဘက်ပေါင်းစုံက ကြိုးပမ်းသင့်ပါတယ်။

 

၈။ Non-CDM တွေဟာ တော်လှန်ရေးအတွက် အဓိကအားထားရမယ့်အင်အားစုတွေ မဟုတ်သလို အဓိကဦးတည်တိုက်ခိုက်ရမယ့် အင်အားစုတွေလည်း မဟုတ်ဘူးလို့ပဲ ယူဆပါတယ်။ 

 

၉။ CDM ဝင်ချင်တဲ့သူတွေဟာ ဘယ်အချိန်ပဲ CDM ဝင်ဝင် နောက်ကျတယ်မရှိဘူး ဆိုတာမျိုးကိုအဆက်မပြတ် ကြေညာသင့်ပြီးတော့ တံခါးကျယ်ကျယ် ဖွင့်ထားသင့်ပါတယ်။ CDM နဲ့ Non-CDM တွေဟာနိုင်ငံရေးတန်ဖိုးချင်းမတူ၊ ခေတ်ဆိုးတခုကို ရင်ဆိုင်ကျော်ဖြတ်ရပုံချင်း မတူကြပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ပုံစံမျိုးစုံနဲ့ ဖိနှိပ်မှုအောက်မှာ အသက်ရှင်နေထိုင်ရမှုချင်း အတူတူဆိုတာကိုတော့ မမေ့ကြဖို့ လိုမယ်ထင်ပါတယ်။

 

၁၀။ အချို့ဒေသတွေမှာ စကစရဲ့ လူထုအပေါ်ဖိနှိပ်မှု ပိုကြီးလာတာနဲ့အမျှ အရင်က CDM မဝင်ခဲ့တဲ့သူတွေတောင် CDM ဝင်လာကြတာ (ဥပမာ - မြိုင်လိုဒေသမျိုး) အချို့ဒေသတွေမှာ လွတ်မြောက်မှုနယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ Non-CDM တချို့ဟာ CDM ဝင်လာကြတာမျိုး (ဥပမာ - စစ်ကိုင်းတိုင်းအတွင်း ဒေသတချို့ကို နမူနာအဖြစ် ထည့်သွင်းစဥ်းစားသင့်ပါတယ်။

 

၁၁။ CDM မူဝါဒတွေကို ချမှတ်တဲ့နေရာမှာ လွတ်မြောက်ဒေသဆိုင်ရာမူဝါဒတွေ၊ လူမျိုးစုတော်လှန်ရေးအင်အားစု(ERO) တွေ သြဇာလွှမ်းမိုးရာဒေသတွေနဲ့ ပတ်သက်တဲ့မူဝါဒတွေ၊ စကစရော တော်လှန်ရေးအင်အားစုတွေပါ  နှစ်ဖက်လုံး သြဇာလွှမ်းမိုးတဲ့‌ဒေသတွေမှာ ကျင့်သုံးရမယ့် မူဝါဒတွေ၊ စကစ သြဇာအပြည့်အဝနီးပါး လွှမ်းမိုးတဲ့နေရာတွေမှာ ကျင့်သုံးသင့်တဲ့မူဝါဒတွေ ဆိုပြီးတော့ အဆင့်အလိုက်ဖြစ်တဲ့၊ သီးခြားစီလည်းဖြစ်တဲ့ မူဝါဒတွေ ရှိသင့်ပါတယ်။

 

 ၁၂။ လူမျိုးစုတော်လှန်ရေးအင်အားစုတွေ သြဇာလွှမ်းမိုးရာ ‌ဒေသတွေမှာဆိုရင် (မဖြစ်မနေသူတို့တွေနဲ့ညှိနှိုင်းတိုင်ပင်ပြီး CDM ပေါ်လစီလိုမျိုး မူဝါဒတွေချမှတ်သင့်ပါတယ်။ အမျိုးသားတန်းတူရေး၊ လူမျိုးများရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားကြမယ်ဆိုရင် တန်ဖိုးထားမှုတွေကို ပြောနေရုံနဲ့မရဘဲ တချို့ကိစ္စတွေမှာ လက်တွေ့လုပ်ရပ်တွေနဲ့ ပြသဖို့လိုမယ်လို့ ထင်ပါတယ်။

 

၁၃။ ပညာရေးဆိုင်ရာကိစ္စတွေမှာ လွတ်လပ်စွာ ပညာသင်ယူခွင့်နဲ့ သင်ကြားနိုင်ခွင့်ကို ဘယ်အင်အားစုကမှ နှောက်ယှက်တားဆီး ပိတ်ပင်ခြင်းတွေ မပြုလုပ်ဖို့ မူဝါဒတွေ ချမှတ်သင့်ပါတယ်။

 

 ၁၄။ နိုင်ငံရေးမူဝါဒတွေကို စိတ်ခံစားမှုတွေနဲ့ ချမှတ်လို့မသင့်ပါဘူး။ ထို့အတူပဲ ကိုယ့်ရဲ့နိုင်ငံရေးအရ ပေးဆပ်စွန့်လွှတ်မှုတွေ လူမှုဘဝအထိုင်တွေကနေလည်း တနိုင်ငံလုံးဆိုင်ရာမူဝါဒတွေကို ချမှတ်တာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ တခါတလေ ကိုယ့်ဒဏ်ရာအနာကို ထည့်တွက်လွန်တာမျိုးတွေက မူဝါဒ နဲ့ လုပ်နည်းလုပ်ဟန် အမှားယွင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ အဓိက အရေးကြီးတာက ကိုယ့်အင်အားစုချင်း ပိုမိုစောင့်ရှောက်ပြီး အနာဂတ်လမ်းကို အတူဖောက်ကြဖို့ပါပဲ။

 

၁၅။ ကျနော်တို့သွားရမယ့် ခရီးက ရှည်ပါတယ်။ စုစည်းနိုင်သမျှစုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးဆိုတဲ့မူဟာ တော်လှန်ရေးအောင်မြင်ဖို့ လက်တွေအဆန်ဆုံး အသင့်တော်ဆုံးမူဝါဒလို့ ယုံကြည်ပါတယ်။

 

၁၆။ အပြစ်ပေးတာတွေ အရေးယူတာတွေကို နောက်ဆုံးသောအခြေအနေ အချိန်အခါကြမှသာ မဖြစ်မနေလုပ်ဖို့ စဥ်းစားသင့်တယ်လို့ မြင်ပါတယ်။ အချို့ပြဿနာတွေကို လက်ရှိအချိန်မှာ အဖြေမရှာဘဲ ကာလ၊ အချိန်၊ နေရာတွေကို ရွေ့ဆိုင်းပြီးမှသာ အဖြေရှာသင့်ပါတယ်။

 

၁၇။ ပြည်သူ့တော်လှန်ရေးကိုသာ အနိုင်ရဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းသင့်ပါတယ်။ အချို့သော ပြဿနာတွေဟာ တော်လှန်‌ရေးအောင်ပွဲခံပြီးမှ ဖြေရှင်းမယ်ဆိုရင် ပြဿနာတချို့ဟာ ဖြေရှင်းဖို့ ပိုမိုလွယ်ကူသွားနိုင်ပြီး၊ပြဿနာတချို့က သေးငယ်မှေးမှိန်သွားနိုင်ပါတယ်။ အချို့သောပြဿနာတွေဟာ အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားနိုင်တဲ့သဘောမျိုး ရှိတဲ့အတွက် ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက်ပဲ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဘက်ပါင်းစုံကနေ ဝိုင်းဝန်းလုပ်ဆောင်ကြတာဟာ အရေးကြီးဆုံးသော လုပ်ငန်းစဥ်ဖြစ်မယ်လို့ ယုံကြည်ယူဆကြောင်း အလေးအနက်ထား တင်ပြလိုက်ရပါတယ်။

 

ပြည်သူဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်

 

တော်လှန်ရေးသစ္စာဖြင့်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)







Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ